သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဝိပဿနာတရား ပွားများနေသူကို ဈာန်ဝင်စားသူ ခေါ်သလော

ဝိပဿနာတရား ပွားများနေသူကို ဈာန်ဝင်စားသူ ခေါ်သလော
ဒကာ။ ။ ၀ိပဿနာတရား ပွားများရှုမှတ်နေသူဟာ ဈာန်ရနေသူ ဈာန်ဝင်စားနေသူ ဖြစ်တယ်ဟု ပြောဆိုနေကြတာဟာ မှန်ပါသလား ဆရာတော်၊ နည်းနည်းရှင်းပြပါဘုရား။

ဆရာ။ ။ အိမ်း… မှန်တယ်၊ ဈာန်ဆိုတာက သမထမျိုးဖြစ်တဲ့ အာရမ္မဏူပနိဇ္ဈာန ဈာန်က တစ်မျိုး၊ ၀ိပဿနာမျိုးသက်သက်ဖြစ်သော လက္ခဏူပ နိဇ္ဈာနဈာန်က တစ်မျိုး၊ ပေါင်း ၂ မျိုးရှိတယ်၊ ဈာန်ဆိုတဲ့(ဈာန ပါဠိက) မြန်မာလို ကိလေသာကို လောင်အောင် ကျွမ်းအောင် ပြာကျအောင် လုပ်နေတဲ့တရားတဲ့၊ ၀ိပဿနာကလည်း ကိလေသာကို ပါးအောင် ကုန်အောင်လုပ်တာပဲမို့ ဈာန်ဝင်စားတယ်ခေါ်တာပေါ့၊ အထောက် သာဓက ကတော့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နဲ့ ဧကဂုင်္တ္တရ အဋ္ဌကထာတို့မှာ…..
ဝိပဿနာ ဟိ အနိစ္စာဒိဝသေန သင်္ခါရလက္ခဏဿ
ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ နာမ။
ဝိပဿနာကို ဈာန်လို့ခေါ်တာ မှန်ပါတယ်တဲ့၊ ရုပ် နာမ် သင်္ခါရ ဓမ္မတို့ကို မခိုင်မြဲမှု အနိစ္စ စတဲ့ ဖြစ်ပျက် ဉာဏ် စွမ်းအင်ဖြင့် ရှုမှတ်ဆင်ခြင် ဖျက်ဆီးနေသောကြောင့် ၀ိပဿနာတရား ရှုပွားနေသူဟာ လက္ခဏူပနိဇ္ဈာနခေါ်တဲ့ ဈာန်တစ်မျိုးကို ၀င်စားနေသူမည်ပါတယ်တဲ့၊ အကျယ်သိချင်ရင် အဲ… ဟိုကျမ်းတွေမှာ ရှာကြည့်ပေတော့၊ စာကြည့်ပျင်းတိုင်း လာလာမေးနေကြတာကိုး။
ဒကာ။ ။ အပြည့်အစုံ ဖြေထားပြီးသားမို့ ရှာကြည့်စရာ မလိုတော့ပါ ဆရာတော်၊ ကျေနပ်လှပါတယ် ဘုရား။

No comments: