ပစ္စေကဗုဒ္ဓါဟာ တရားဟောနိုင်ပါသလား
ဒကာ။ ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ပစ္စေကဗုဒ္ဓါအကြောင်း မေးမြန်းတဲ့အခါ ပစ္စေကဗုဒ္ဓါများဟာ သစ္စာလေးပါးတရားကို သူကိုယ်တိုင်သာ ဆရာမရှိဘဲနဲ့သိတာ၊ သူတပါးကိုတော့ အဲဒီသစ္စာတရားကိုသိအောင် ဟောတတ်တဲ့ ပါရမီဉာဏ်မပါလို့ မဟောပြနိုင်ဘူးလို့ ဆရာတော် မိန့်ကြားခဲ့တာ မှတ်သားရဖူးတယ်။
သဋ္ဌိနိပါတ် သောဏကဇာတ်တော်မှာ သောဏက ပစ္စေကဗုဒ္ဓါအရှင်မြတ်က အရိန္ဒမ ဘုရင်ကြီးအား သမဏသုခတရားရှစ်ပါးနဲ့ ကာမ၏အပြစ်များကို ဟောကြားတော်မူတယ်လို့ ပါတဲ့အကြောင်းအရာ ဒကာကြီးတို့ ဖတ်ရပါတယ် ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း....ဟုတ်ပါတယ်လေ၊ အရှင်သောဏက ပစ္စေကဗုဒ္ဓါ ဟောကြားတဲ့ တရားထဲမှာ သစ္စာလေးပါး ပါရဲ့လား၊ သေသေချာချာ စဉ်းစားကြည့်ပါဦးလေ၊ ပြန်ပြီးတော့လည်း ဖတ်ကြည့်ဦးပေါ့။
သမဏ ဘဒြက ခေါ်တဲ့ ရဟန်းပြုရတာ ချမ်းသာတဲ့ အကြောင်း သမဏသုခ တရားရှစ်ပါးကို ဟောကြားသွားတာပဲ၊ အဲဒီ ရှစ်ပါးထဲမှာ နိဗ္ဗာန်ရောက်ကြောင်းနဲ့ နိဗ္ဗာန်ရကြောင်း မဂ္ဂသစ္စာတရားပါသလား၊ အရိန္ဒမ မင်းကြီးကကော မဂ်ဖိုလ်တရားထိုးထွင်းသိမြင်သွားသလား၊ ကာမဂုဏ်ထဲ၌သာ စွဲမက်နေလို့ အရှင်သောဏက ပစ္စေကဗုဒ္ဓါက ကာမဂုဏ်မက်တဲ့ ကျီးငှက်ဟာ ဆင်သေကောင်ကြီးကို စီးပြီးတော့ စားသောက်ခံစားရင်း သမုဒ္ဒရာတွင်းရောက်ကာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲမှာပဲ ပျက်စီးရတဲ့ ဇာတ်လမ်းကို ဥပမာပြ ဟောကြားပြီး ကောင်းကင်ခရီးဖြင့် ကြွတော်မူတော့မှ အရိန္ဒမမင်းကြီးသတိရပြီး ရသေ့ရဟန်းပြု တောထွက် ဈာန်ရတော့ ဗြဟ္မာ့ပြည်လား, ဗြဟ္မာ့သင်္ချိုင်းကုန်းကို သွားတာပဲ၊ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရလို့လား၊ နောက်က အကိုးအကားနဲ့ ဖြေကြားထားဖူးတဲ့ အထဲမှာ ပြန်ကြည့်ပါဦးလေ၊ ဒီကရှည်ရှည်လျားလျား မပြောကြားတတ်ဘူး၊ တိုတိုတိတိ သမားပဲ၊ ဘုကျတယ်လို့ထင်မသွားနဲ့ အပါယ်လားကုန်မယ်။
ဒကာ။ ။ သိပါပြီ ဆရာတော်၊ ပစ္စေကဗုဒ္ဓါဟာ မဂ်, ဖိုလ်, နိဗ္ဗာန် ရရေးသစ္စာလေးပါး ကို မပြပေး မဟောပေးနိုင်ဘူးဆိုတာ ထင်ရှားပါပြီ၊ ခုလို ထင်းထင်းလင်းလင်း ရှင်းပြပေးတာ ကျေးဇူးတင်လှပါတယ် ဘုရား၊ ဒကာကြီးတို့ကလည်း ဘုကျကျ ပြောတတ်သော ဆရာတော်လို့ မမှတ်ထင်ပါဘူး ဘုရား၊ တိကျပြတ်သားတဲ့ ဆရာတော်တပါးလို့သာ မှတ်ယူကြပါတယ်။
No comments:
Post a Comment