သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, January 3, 2011

ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား


ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား

          ဒကာ။           ။ မြတ်စွာသခင်ကို ထား၍ ပညာအရာမှာ တပါးသာရှိတော်မူသော ဓမ္မသေနာပတိ တရားစစ်သူကြီး ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားချေချွတ်ကယ်တင်တော်မူလို့ အရဟတ္တဖိုလ် ရရှိတော်မူခြင်းနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် စတဲ့ သတ္တ၀ါစာရင်းအင်းများ ပိဋကတ်တော်မှာ တွေ့ဖူးပါသလား ဆရာတော်။
          ဆရာ။           ။ အင်း...အကုန်အစင် အတိအကျ ခရေစေ့တွင်းကျတော့ မသိပါဘူး၊ သိသင့်သလောက်တော့ တွေ့ဖူး ဖတ်ဖူး သိမှတ်ဖူးပါတယ်။
          ဒကာ။           ။ ဆရာတော် သိသလောက် ပြောပြသင်ကြားပေးရင် တပည့်တော်တို့ ရသမျှ အမြတ်ကြီးပါပဲ ဆရာတော်၊ မိန့်ကြားပါဦး ဘုရား။
          ဆရာ။           ။ ဓမ္မသေနာပတိ တရားစစ်သူကြီးဖြစ်တော်မူတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ သူ့ရဲ့အနန္တသခင် ကျေးဇူးရှင်ဖြစ်တဲ့ မယ်တော် သာရီပုဏ္ဏေးမ သူဌေးကတော်ကြီး ဒေါ်သာရီကိုတော့ သောတာပတ္တိဖိုလ်အထိသာ ကယ်တင်ပေးသွားနိုင်တယ်။
                   အခြားလူ,နတ်,ဗြဟ္မာတွေ အတွက်ကတော့ တော်တော့ကိုပဲ ကျေးဇူးများတာတွေတွေ့ရှိရတယ်၊ မထေရ်မြတ်ဟာ သမစိတ္တသုတ္တန် ဒေသနာတော်မြတ်ကို ဟောကြားတော်မူသော တနေ့တည်းမှာပဲ နတ်,ဗြဟ္မာအပေါင်း ကုဋေတသိန်း အရဟတ္တဖိုလ်ရောက်ကာ ရဟန္တာတွေ ဖြစ်ကုန်ကြတယ်လို့ အဂုင်္တ္တိုရ် ပ-၆၄ စာမျက်နှာ မှာ လာရှိတယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ် ဖြစ်သွားတဲ့ နတ်,ဗြဟ္မာတွေရဲ့ အရေအတွက်ကတော့ များပြားလှစွာ၏ တဲ့။
                   အဲဒါက သမစိတ္တသုတ္တန် ဟောတော်မူတဲ့ တနေ့တည်းအတွက်ကိုသာပြတာ၊ အခြား အခြားသောနေ့တွေ, လတွေ, နှစ်တွေမှာ ဟောကြားတော်မူလို့ သစ္စာလေးပါးတရားသိမြင်ကြကာ ကျွတ်တမ်းဝင်သွားကြတာတွေလည်း အများကြီးပဲ ရှိပါသေးတယ်တဲ့။
                   နောက် အရိယာမဟုတ်ဘဲ ပုထုဇဉ်ဘ၀နဲ့ အရှင်သာရိပုတ္တရာထေရ်မြတ်အား ကြည်ညိုသဒ္ဓါပွားကာ လေးလေးစားစား ပေးလှူပူဇော်ခြင်း၊ သရဏဂုံခံယူခြင်း၊ သီလဆောက်တည်ခြင်း၊ ကုသိုလ်ကံ အရှိန်အဟုန်တို့ကြောင့် နတ်ပြည်၌ ဖြစ်ကြကုန်သော အမျိုးကောင်း သားသမီးပေါင်း ၈၀၀၀၀ မျှ နတ်တို့၏ စည်းစိမ်ချမ်းသာကို ခံစားရကုန် ၏တဲ့၊ အဲဒါလောက်တော့ သိ မှတ်မိပါတယ်။
          ဒကာ။           ။ ဒါလောက်တောင် မယ်တော်မှတပါးဖြစ်တဲ့ သူများစွာတို့ကို ချေချွတ် ကယ်တင်နိုင်တော်မူတဲ့ ပညာထိပ်ခေါင်တင် ဧတဒဂ်ပိုင်ရှင်ဟာ မိမိရဲ့ အနန္တသခင် ကျေးဇူးရှင် မယ်တော်ကြီးကိုတော့ အောက်မဂ် သောတာပန်လောက်ကလေးနဲ့ပဲ ကျေနပ်တော်မူရောလား ဆရာတော်၊ အထက်မဂ်တွေ ဘာကြောင့် တက်မပေးတာလဲ။
          ဆရာ။           ။ ဟာ...ဒီအဘွားကြီးရဲ့ မိစ္ဆာဒိဋ္ဌိကံ အယူအစွဲ ခိုင်မြဲကြီးမားပုံက သူ့အိမ်သားတွေ အားလုံး အရိယာပိုင်းရောက်ကုန်တာတောင် သူတယောက်တည်း စုန်းပြူးခေါင်းမာနေတာ အလျော့မပေးဘူး၊ ဆိုလိုရင်းကတော့ သူ့ရဲ့ကောင်းမှုကံ ပါရမီဥပနိဿယပစ္စည်းက သောတာပတ္တိမဂ်နဲ့ တန်ရုံလောက်ပဲ ရှိလို့ ရှင်သာရိပုတ္တရာထေရ်မြတ် ကလည်း သူ့မယ်တော်နဲ့ တန်တာလောက်သာ ကယ်တင်နိုင်တာလို့သာ မှတ်ကြပေတော့၊ ဒါပဲ၊ သူ့ကံနဲ့, သူ့အလုပ်နဲ့, သူ့ပါရမီနဲ့ တန်ရုံလောက်သာ ကယ်တင်ပေးနိုင်တာ၊ တန်ခိုးရှင်ကြီးအနေနဲ့ ကယ်တင်ပေးလို့ ရတာမဟုတ်ဘူး၊ ဗုဒ္ဓရဲ့ဝါဒက ဖန်ဆင်းဝါဒ မဟုတ်ဘူး၊ ကိုယ့်လုပ်ခ ကိုယ်ရတဲ့ဝါဒ။
          ဒကာ။           ။ အားရကျေနပ် နှစ်သက်လှပါတယ် ဆရာတော်၊ ကံကောင်းရှိတဲ့သူကိုသာ သူ့ကံနဲ့ တန်ရုံလောက် ကယ်တင်ဖန်ဆင်းပေးနိုင်တယ်ဆိုတာကို ယုံကြည်ရမည့် ဗုဒ္ဓ၀ါဒမို့ ကိုယ့်ကိုယ်ကို အားကိုးရတာပဲ ဆရာတော်။

No comments: