သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, January 8, 2011

ဖြစ်ပြီးတဲ့ အကုသိုလ်တရားများကို ဘယ်လိုလုပ် ပယ်ရမှာလဲ

ဖြစ်ပြီးတဲ့ အကုသိုလ်တရားများကို ဘယ်လိုလုပ် ပယ်ရမှာလဲ

          ဒကာ။           ။ ဗောဓိပက္ခိယ တရားမျိုးထဲက ဖြစ်ပြီးသား အကုသိုလ်တရားများကို ပယ်ရှားရမည်ဆိုတာ၊ ဖြစ်ပြီးသားကို ပယ်ရှားလို့ရနိုင်ပါမည်လား ဆရာတော်၊ ဖြစ်ပြီးနေမှ ဥစ္စာ ဘယ်လို ပယ်ရမည်ဆိုတဲ့ ပယ်ရှားပုံ ကြိုးစားနည်း သမ္မပ္ပဓာန် လုံ့လ ၀ီရိယကို သိပါရစေ ဘုရား၊ တိုတိုနဲ့ နားလည်အောင်ပေါ့။
          ဆရာ။           ။ အင်း...ဖြစ်ပြီးသားတွေကတော့ ဥပါဒ်,ဌီ,ဘင်နဲ့ ကံမြောက်သွားကုန်ပြီ၊ အဲဒီ အကုသိုလ်ကံတွေကို ပယ်ရှားရန် ကြိုးစားအားထုတ်လို့ မရနိုင်ဘူးပဲ၊ သို့သော်လည်း ဒါမျိုးကို ပြန်မဖြစ်ပွားရအောင် ကြိုးစားအားထုတ်ဖို့ကိုပြောတာ၊ ကဲ...အဲဒါကိုပဲ တိုတိုနဲ့ နားလည်ကြပေတော့။
          ဒကာ။           ။ ဒါမျိုးကို ပြန်မဖြစ်ပွားရအောင် ကြိုးစားအားထုတ်ဖို့ နည်းနယလေးများကိုလည်း နည်းနည်းလောက် မိန့်ကြားပါဦး ဆရာတော်၊ တိုလွန်းလှပါတယ်။
          ဆရာ။           ။ အနို့...ဒကာတို့က စချီကတည်းက တိုတိုနဲ့ နည်းနည်းလို့ဆိုတော့ကာ တိုတိုနဲ့ နည်းနည်းပဲ ဖြေကြားရတာပေါ့၊ ကဲ..နားထောင် မှတ်သားကြပေတော့။
                             ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရှားရန် နည်းနယက နှစ်မျိုးရှိတယ်၊ ပါဠိတော်ကတော့ အတူတူပါပဲ၊ အနက် အဓိပ္ပါယ် အယူအဆကွဲတယ်၊ ပထမမျိုးက....
                   (၁)     ဥပ္ပန္န အကုသလ၊ ပြုပြီးသား ဖြစ်ပြီးသား အကုသိုလ် တရားမျိုးကို။ ပဟာန ၀ါယာမ၊ အသစ်အသစ် ထပ်ဖြစ်အောင် မပြုလုပ်ရ အား မထုတ်ရ။
                   သည်ဆရာရဲ့ဆိုလိုရင်းက ရှေးက ပြုပြီးသား ဖြစ်ပြီးသား အကုသိုလ်တရားတွေဟာ ချုပ်ပျက်ပျောက်ကုန်ပြီ၊ ထင်ရှားမရှိတော့ချေ၊ ထို့ကြောင့် ယင်းကိုတော့ ပယ်လို့ မရတော့ဘူးတဲ့၊ ယင်းပြုပြီးသားနဲ့ အလားတူတဲ့ အကုသိုလ်အသစ်အသစ်တို့ မပြုလုပ် မဖြစ်ပွားမိအောင် ကြိုးစားအားထုတ်ပါတဲ့၊ ဒုတိယမျိုးကတော့....
                   (၂)     ပြုပြီး ဖြစ်ပြီးသား အကုသိုလ်တရားတွေကို အသစ်အသစ် ထပ်မပွားအောင် ကြိုးစားအားထုတ်ပါတဲ့။
                   သည်ဆရာရဲ့ဆိုလိုရင်းကတော့ အဲဒီပြုပြီးသား အကုသိုလ်တရားတွေကို ထပ်ထပ် မပွားအောင် တဖန်ပြန်လည်ပြီး မစဉ်းစားနဲ့၊ မဆင်ခြင်နဲ့၊ မအောက်မေ့နဲ့၊ မပွားများနဲ့၊ တခါတည်း မေ့ပျောက်ထားနိုင်အောင် ကုသိုလ်တရားတွေနဲ့ ကြိုးစားရမည်တဲ့၊ အဲဒါဟာ ပြုပြီးသား အကုသိုလ်တရားတွေ ထပ်မပွားမိအောင် ပယ်ရှားခြင်းပဲ။
          ဒကာ။           ။ ရှင်းပါပြီ ဆရာတော်၊ နောက်ဆရာနည်းကို ပိုကြိုက်တယ်၊ ပရစေတနာ မလာရအောင် ပယ်ပုံပဲ၊ ကျေနပ်နှစ်သက်လှပါတယ် ဘုရား။

No comments: