ပစ္ဆိမဘ၀ိကသားများ သေတွင်းထဲကျနေတာ ဘာ့ကြောင့် မသေကြပါသလဲ
ဒကာ။ ။ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဆိုတဲ့ ဒီဘ၀မှာ မဂ်ဖိုလ်နိဗ္ဗာန်ရမည့်သူများဟာ မုချ သေရမည့်ဘေးနဲ့ တွေ့နေသော်လည်း မသေရဘဲ ကြံကြံဖန်ဖန် မယုံနိုင်စရာဖြစ်အောင် သေမည့်ဆဲဆဲကလေးမှာ အသက်ရှင်သွားတာဟာ ဘယ်လိုသဘောပါလဲ ဆရာတော်၊ ဒါဟာ သူတို့ရဲ့နိယာမဓမ္မတာလို့တော့ ပြီးစလွယ်မဖြေပါနဲ့ဘုရား၊ စာပေကျမ်းဂန်နဲ့အညီ သိပါရစေ။
ဆရာ။ ။ အင်း....စာပေကျမ်းဂန်မှာလာတဲ့ ဗာကုလသတို့သားမွေးတဲ့နေ့မှာ၊ တနည်း- မွေးလို့ငါးရက်မြောက်မှာ ယမုန်နာမြစ်ထဲ၌ ရေချိုးပေးတုန်း ဗြုန်းဆို ငါးကြီးတကောင်က ဟပ်မျိုသွားပေမယ့် ငါးကြီးဗိုက်ထဲက ခွဲယူရတယ်၊ မသေဘူး၊ အရဟတ္တဖိုလ် အသက် ၁၆၀ ဗာကုလမထေရ်ကြီး ဖြစ်သွားတယ်။
နောက်။ ။ သံကိစ္စသတို့သား သူ့မယ်တော် ကိုယ်ဝန်ကြီးနဲ့သေ၊ သုသာန်ထုတ် မီးသင်္ဂြိုဟ် တံစူးဝါးနဲ့ ၀မ်းဗိုက်ထိုးဖောက် သံကိစ္စ သူငယ် မီးဖိုထဲက ထွက်လာတယ်၊ သံကိစ္စသာမဏေကျော်ဖြစ်ကာ အရဟတ္တဖိုလ် ရယူသွားတယ်။
နောက်။ ။ ဒဗ္ဗသတို့သား သူ့မယ်တော် ကိုယ်ဝန်ကြီးနဲ့သေ၊ သုသာန်ထုတ်မီးသင်္ဂြိုဟ်၊ မီးအပူရှိန်ကြောင့် ၀မ်းဗိုက်ကြီးထက်ခြမ်းပေါက်ကွဲပြီး သူငယ်ကလေး လွင့်မြောက်ကာ မြေစာမြက်ပုံပေါ်သွားကျ မသေဘူး၊ ဒဗ္ဗမထေရ်ဖြစ်လာတယ်၊ (ဒဗ္ဗ, ဆိုတဲ့ပါဠိက မြေစာမြက်ကိုဆိုတယ်)။
နောက်။ ။ သီဝလိသတို့သား သူ့မယ်တော် ၀မ်းတိုက်ထဲမှာ ခုနစ်နှစ်နဲ့ ခုနစ်ရက် သန္ဓေတည်နေရတယ် မသေဘူး၊ မွေးဖွားလို့ ခုနစ်ရက်အကြာမှာ သံဃာတော်များဆွမ်းလုပ်ကျွေး၊ သီဝလိသူငယ်ကလေးက ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးနဲ့ မိခင်ဝမ်းဗိုက်ထဲနေရပုံ, ဆင်းရဲဒုက္ခ သံဝေဂတရားစကားတွေ မေးမြန်းဆွေးနွေးပြီး သာမဏေပြု၊ ရှင်သီဝလိမထေရ်ကျော်ဖြစ်၊ ကဲ...အဲဒါတွေဟာ စာပေကျမ်းဂန်က လာတာတွေပဲ။
အဲဒီ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်တွေ မသေနိုင်တဲ့အကြောင်းတန်ခိုး ဣဒ္ဓိမျိုးကတော့ " ဉာဏ ၀ိပ္ဖါရ ဣဒ္ဓိ" လို့ခေါ်တယ်။
ကဲ..ရှင်းပြီလား၊ ယင်းပုဂ္ဂိုလ်တို့ မသေနိုင်တာဟာ သူတို့ရရှိမည့် အရဟတ္တဖိုလ်ဉာဏ်၏ ပျံ့နှံ့ခြင်း တန်ခိုး ဣဒ္ဓိကြောင့်လို့ မှတ်ရမည်တဲ့။ "ဉာဏ ၀ိပ္ဖါရ ဣဒ္ဓိ" လို့ခေါ်တယ်၊ နိယာမ ဓမ္မတာ မဟုတ်ပါဘူး။
ဒကာ။ ။ ခုမှပဲ ရှင်းလင်းတော့တယ်၊ မေးတိုင်း, မေးတိုင်း (နိယာမ ဓမ္မတာ) ယင်းတို့ရဲ့ထုံးတမ်းစဉ်လာဖြစ်စဉ်လို့ပဲ အဖြေပေးကြတာမို့ ခုတော့ ရှင်းပါပြီ ဆရာတော်၊ အရဟတ္တဖိုလ်ဉာဏ်၏ တန်ခိုးအရှိန်ဉာဏ၀ိပ္ဖါရ ဣဒ္ဓိရဲ့ သတ္တိစွမ်းအင်ကိုး၊ ကျေးဇူးတင်ပါတယ် ဘုရား။
No comments:
Post a Comment