သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, January 6, 2011

အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို ရဟန်းပဉ္စင်း ပြုပေးနိုင်သလား


အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို
ရဟန်းပဉ္စင်း ပြုပေးနိုင်သလား

          ဒကာ။           ။ မြတ်စွာဘုရားလက်ထက်တော်က သာမဏေကျော် ဣဒ္ဓိတန်ခိုးရှင် ကိုရင်ကလေးတွေကို အသက်နှစ်ဆယ် မပြည့်သေးမီ သာမဏေဘ၀နဲ့ပဲ ထားသလား၊ ရဟန်း ပဉ္စင်းခံပေးသလားဆိုတာ မကွဲပြားလို့ မိန့်ကြားပါဦး ဆရာတော်။
          ဆရာ။           ။ မြတ်စွာဘုရားလက်ထက်က ပါရမီရှင် ရဲရဲတောက် ဣဒ္ဓိပါဒ်နှင့် ပြည့်စုံတဲ့ သာမဏေကျော်တွေများစွာပဲ ထွက်ပေါ်လာကြတာရှိတယ်၊ အဲဒီလို အသက် ၇ နှစ်သားလောက်ငယ်ရွယ်တဲ့ ကိုရင်ကလေးတွေဟာ ရဟန္တာဖြစ်ကြပြန်တော့လည်း ပဋိသမ္ဘိဒါပတ္တ- ပိဋကတ်သုံးပုံဆောင် ရဟန္တာ၊ ဆဠဘိည- အဘိညဉ် ခြောက်ပါး၊ တေ၀ိဇ္ဇ - ၀ိဇ္ဇာသုံးပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာကိုရင်ကလေးတွေဖြစ်တာကြောင့် အသက် နှစ်ဆယ် ပြည့်အောင် ကိုရင်ဘ၀နဲ့ပဲ စောင့်နေရသေးသလား၊ ရဟန်းပဉ္စင်း ပြုပေးသလား ဆိုတဲ့ အမေးပုစ္ဆာတွေဟာ မကြာခဏပဲ ရောက်ရောက်လာတယ်။
                             အဲဒီပြဿနာကို တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက တရားစိုးသူကြီးဖြစ်တဲ့ အရှင်ဝိစိတ္တသာရ မထေရ်မြတ်က သူရေးပြုတဲ့ မဟာဗုဒ္ဓ၀င် သံဃာ့ရတနာအပိုင်းမှာ ဟောသည်လို အဆုံးအဖြတ် ပေးထားတယ်။
အရှင်ဒဗ္ဗ ရဟန္တာ ကိုရင်ကလေးကို “ဤဒဗ္ဗသည် ခုနစ်နှစ် အရွယ်ငယ်သူငယ်ဖြစ်လျက် ကြီးမြတ်သောအရာဌာန (ပဋိသမ္ဘိဒါပတ္တ, ဆဠဘိည, တေ၀ိဇ္ဇ) ရဟန္တာအဖြစ်၌ တည်လေသည်” ဟု နှစ်သက် အားရ ကျေနပ်တော်မူကာ မြတ်စွာဘုရားသည် ခုနစ်နှစ်အရွယ် ငယ်စဉ်အခါ၌ပင်လျှင် ရဟန်းပဉ္စင်း ပြုစေလေသည်။
ဤကိုထောက်၍ အခြားတပါးသော အသက်ငယ်ငယ်နှင့် ရဟန္တာဖြစ်ကြသော ပဏ္ဍိတ သာမဏေ, သံကိစ္စ သာမဏေ, သောပါက သာမဏေ, အရှင်သာရိပုတ္တရာ၏ ညီထွေး ခဒိရ၀နိ- ရှားတောကျောင်းနေ ရှင်ရေ၀တ သာမဏေငယ် စသည်တို့ကိုလည်း အသက်နှစ်ဆယ်ပင် မပြည့်ကြသေးစေကာမူ အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို ထောက်၍ ငယ်ငယ်နှင့်ပင် ရဟန်းပဉ္စင်းပြုပေးစေတော်မူသည်ဟု မှတ်ယူရာ၏။
ထိုအရှင်မြတ်တို့ကို အသက်ပင် ငယ်သော်လည်း အရဟတ္တဖိုလ်ဂုဏ်က ကြီးကျယ်လှသောကြောင့် (၀ါ) မြဲမြံခိုင်ခန့်သော ဂုဏ်သိက္ခာနှင့် ပြည့်စုံသောကြောင့် ‘ထေရ- မထေရ်’ ဟူ၍ ကျမ်းဂန်တို့၌ ခေါ်ဆို ရေးသား သုံးနှုံးဖွင့်ဆိုအပ်၏ ” ဟုလည်း အထူးမှတ်ယူရာ၏ တဲ့။
ကဲ....အဲဒါဟာ ဓမ္မစိုးသူကြီးဖြစ်တဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်၏ ခိုင်လုံသော အဆုံးအဖြတ်ပဲ၊ ရှင်းပြီလား။
          ဒကာ။           ။ ရှင်းလင်းကျေနပ်အားရနှစ်သက်လှပါတယ် ဆရာတော်၊ အသက်ငယ်ပေတဲ့ ဂုဏ်တော်တွေက ကြီးမားတော်မူကြတယ် ဘုရား၊ သူတို့နဲ့ ထိုက်တန်တော်မူတာကိုး။

No comments: