သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, January 2, 2011

ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ


ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ

          ဒကာ။           ။ ယခုကာလ သက်တော်ရှည် ဂုဏ်ကြီးရှင် ဆရာတော်ကြီးတွေကို ချီးကျူးပူဇော်သဘင်ပြုတဲ့အခါ ရတ္တညူ- ညဥ့်အပိုင်းအခြားကို သိမြင်သောသူ၊ ဒီဃဒဿီ- အရှည်ကို မြင်တော်မူသော ပုဂ္ဂိုလ်ကြီး စသည်ဖြင့် ရေးသားပူဇော် ရွတ်ဖတ်သံများကိုလည်း ကြားဖူးပါသည်။
                   ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိ ကောဏ္ဍညော- ဟု အရှင် ကောဏ္ဍညအား ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးမိန့်ကြားတဲ့အခါမှာ ငါ၏တပည့်သား ရဟန်းများတို့တွင် အညာသိကောဏ္ဍညဟာ ညဥ့်အပိုင်းအခြားကို သိတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာတော်၊ အဲဒါလေးရှင်းပြပေးပါဦး ဘုရား။
          ဆရာ။           ။ ဟုတ်တယ်၊ ရတ္တညူ-ဆိုတဲ့ပါဠိကို (ရတ္တညူ) ညဥ့်အပိုင်းအခြားကို သိသောပုဂ္ဂိုလ်လို့ပဲ၊ ထိုထို စာပေကျမ်းဂန်တို့မှာ မြန်မာလို ပြန်ဆိုကြတယ်၊ သဟာကတော့ (ရတ္တ+အညူ) အဲဒီ ပါဠိသဒ္ဒါနှစ်ပုဒ်ရဲ့ အနက်ပဲ ဖြစ်တယ်၊ အဓိပ္ပာယ်မပါဘူး။
                   အညာသိကောဏ္ဍညထေရ်အား ဧတဒဂ်ပေးတဲ့ နေရာအခန်းမှာ အဲဒီ (ရတ္တညူ)ပုဒ်ကို ပိဋကတ် သုံးပုံဆောင် အရှင်ဝိစိတ္တသာရမထေရ်မြတ်က သူပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ ပထမပိုင်းစာအုပ် စာမျက်နှာ ၂၉ အရှင်ကောဏ္ဍညမထေရ်အကြောင်းမှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်ဆိုလိုရင်း မှတ်သားစရာကတော့
(၁)     မြတ်ဗုဒ္ဓသာသနာတော်၌ အရှင်ကောဏ္ဍညထက် ရဟန်းသိက္ခာဝါတော်ကြီးသူမရှိ၊ ညဥ့်နေ့အားဖြင့် ရေတွက်သော် သိက္ခာဝါတော် အကြီးဆုံး ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့် ရတ္တညူပုဂ္ဂိုလ်ဟု ဆိုလိုသည်တဲ့။
မှတ်ချက်။       ။ သာသနာတော်၌ သိက္ခာဝါတော်ကြီးသော ရဟန်းပုဂ္ဂိုလ်ကို ရတ္တညူဟု ခေါ်ဆိုထိုက်ကြောင်းနဲ့ မှတ်ရာ၏။
(၂)     တနည်း- အရှင် ကောဏ္ဍညမထေရ်မြတ်သည် သစ္စာလေးပါးကို  ထိုးထွင်းသိမြင်တဲ့နေရာမှာ တပည့်သာဝကအပေါင်းတို့တွင် ရှေးဦးစွာ သိမြင်တော်မူသောကြောင့် အခြားသာဝကတို့  သိတော်မူသော အချိန်ကာလထက် နေ့ညဥ့်အားဖြင့် ပိုမိုရှည်လျားစွာ ရှိတော်မူတာကို သိတော်မူရကား  ရတ္တညူပုဂ္ဂိုလ်ဖြစ်လေသည် တဲ့၊
မှတ်ချက်။       ။ ဤနည်းအရ စတုသစ္စဓမ္မကို အလျင်လက်ဦး သိသောပုဂ္ဂိုလ်သည် နောက်မှသိသော ပုဂ္ဂိုလ်ကို ထောက်ထား၍ ရတ္တညူပုဂ္ဂိုလ်ဖြစ်သည်ချည်း ဟု မှတ်ရာ၏။
(၃)     နောက်တနည်း- အရဟတ္တဖိုလ်ရသူတိုင်းဟာ ညဥ့်နေ့အပိုင်းအခြားကို ထင်ရှားစွာ သိနေတာချည်းဖြစ်သောကြောင့် ရတ္တညူ မည်သည်ချည်းသာဖြစ်၏တဲ့။
မှတ်ချက်။       ။ အရှင်ကောဏ္ဍည မထေရ်မြတ်အား ရှေးဦးစွာ အရဟတ္တဖိုလ်ရကာ အဦးဆုံးရဟန္တာကြီးဖြစ်သောကြောင့် အသာဆုံး အမြတ်ဆုံး "ရတ္တညူ" ဧတဒဂ်ဘွဲ့ထူးကို ရသည်ဟု မှတ်ရာ၏။
                   ကဲ...အဲဒါတွေဟာ "ရတ္တညူ" ညဥ့်အပိုင်းအခြားကိုသိသော ပုဂ္ဂိုလ်ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အဓိပ္ပာယ်ပါပဲ၊ ဆိုလိုရင်းက သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, သိက္ခာဝါတော်ကြီးရင့်သော ပုဂ္ဂိုလ်ကြီး၏ဂုဏ်ပုဒ် ပဲ။
          ဒကာ။           ။ ဒါလောက်သိရတာ ကျေနပ်နှစ်သက်ဝမ်းသာအားရ လှပါတယ် ဆရာတော်၊ ညဥ့်အပိုင်းအခြားကို သိသောသူ ဆိုထားတော့ တပည့်တော်တို့က အယူအဆ အမျိုးမျိုးတွေနဲ့ ဖြစ်ကုန်ကြလို့ပါ၊ တချို့ကလည်း ညဥ့်အပိုင်းအခြားဆိုတော့ တညကို သုံးယံ ပိုင်းပြီး သိတာလို့ ပြောကြပါတယ်ဘုရား၊ ခုတော့ ရှင်းသွားပါပြီ။

No comments: