သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, January 17, 2011

ဒါနနဲ့ စာဂဟာ အတူတူပဲလော၊ ဒါနနဲ့ ပရိစ္စာဂ ဘာထူးသလဲ

ဒါနနဲ့ စာဂဟာ အတူတူပဲလော

          ဒကာ။           ။ ဒါနနဲ့ စာဂသဘောကို အမျိုးမျိုးဟောပြော ငြင်းခုံနေကြပါတယ်၊ အချို့ကလည်း ဒါန-ပေးကမ်း လှူဒါန်းလိုက်ခြင်းပင်၊ စာဂ- စွန့်ကြဲခြင်း ဖြစ်သွားတာပဲ၊ အတူတူပါပဲလို့ ဟောပြောကြပါတယ်။
                             ဆရာအချို့ကလည်း စာဂ-ဆိုတာ ပေးလှူတာမျိုး မဟုတ်ဘူး၊ ကိုယ်ပစ္စည်းဥစ္စာတွေကို ဘာပဲဖြစ်ဖြစ် စွန့်ပစ်လိုက်တာဟုပြောကြပါသည်၊ အဲဒီ တရားနှစ်ပါးဟာ တူသလား ကွဲပြားသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
          ဆရာ။           ။ လာပြန်ပြီလား။ ဒါတွေငြင်းခုံနေတော့ နိဗ္ဗာန် မဂ်ဖိုလ် ရမှာမို့လား၊ လှူစရာ ပေးစရာရှိ ပေးလှူလိုက်ရင် ပြီးတာပဲဟာ၊ တယ်လျှာရှည်တဲ့ ဒကာကြီးတွေပဲကိုး။
          ဒကာ။           ။ ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီသာပါတာ၊ စာဂပါရမီလို့ မပါဘူး၊  ဒါ့ကြောင့် ပေးလှူမှု ဒါန၊ စွန့်ကြဲမှု စာဂ မတူဘူး စသည် အမျိုးမျိုး ဟောပြောငြင်းခုံနေကြလို့ မေးရတာပါ ဆရာတော်။
          ဆရာ။           ။ ကဲ...ဒါဖြင့်လည်း မှတ်သားကြပေတော့၊ သုတ္တန်နည်းအားဖြင့်တော့ ဒါနနဲ့ စာဂဟာ မတူကွဲပြား ခြားနားမှုရှိတယ်၊ အဘိဓမ္မာနည်းနဲ့ကျတော့ တူသောသဘောရှိတယ်။

သုတ္တန်နည်း ဒါန
          သုတ္တန်နည်းက (၁) အလှူရှင်ပုဂ္ဂိုလ်၊ (၂) ပေးလှူစရာဝတ္ထုပစ္စည်း၊ (၃) အလှူခံပုဂ္ဂိုလ်၊ (၄) ပေးလှူချင်တဲ့ စိတ်စေတနာ၊ အဲဒီ အကြောင်းလေးပါးနဲ့ ပြည့်စုံလာရင် အလှူရှင်ကိုယ်တိုင် ပေးလှူလိုက်ခြင်း- သာဟတ္ထိက ဒါန၊ သူတပါးအား တဆင့် ပေးလှူခိုင်းခြင်း- အာဏတ္တိက ဒါန၊ အဲဒါ ပေးကမ်းလှူဒါန်းခြင်း ဒါနကုသိုလ်ပဲ (အနုဿတိ ဆယ်ပါးမှာ စာဂါနုဿတိနဲ့ ဆိုတယ်။)

အဘိဓမ္မာနည်း ဒါန
          အဘိဓမ္မာနည်းကတော့ ဒီပစ္စည်းကို ငါမသုံးဆောင်တော့ဘူး၊ သူတပါးအား စွန့်လွှတ်လိုက်တော့မည် ဟု အကြိမ်ကြိမ် ပေါ်ပေါက်လာတဲ့ စိတ် စေတနာတွေ အလျောက် ပစ္စည်းဝတ္ထုအပေါ်မှာမိမိ သိမ်းပိုက် တွယ်တာ ခံစားလိုတဲ့ စိတ်ကို ပယ်ဖျောက်ကာ တခါတည်း စွန့်လွှတ်လိုက်တာဟာ စာဂပဲ၊ ဒါ့ကြောင့် ကောင်းမှုကုသိုလ် ပြုတဲ့အခါမှာ ပေးလှူခြင်း- ဒါနဖြစ်လျှင် စွန့်လွှတ်ခြင်း- စာဂဟာလည်း ဖြစ်သွားတော့တာပေါ့။
          ကဲ...ရှင်းပြီလား၊ ဒါနနဲ့ စာဂဟာ ပြောဆိုတဲ့ (သဒ္ဒါ) စကားသံချင်းသာ ခြားနားတာပါ၊ သဘောသွားကတော့ မကွဲပြားပါဘူး၊ ဒါနဖြစ်ရင် စာဂဟာလည်း ဖြစ်တော့တာပါပဲ၊ ဒါနရဲ့ အမှတ်လက္ခဏာကိုက အာလယပြတ်စွန့်လွတ်နိုင်ခြင်း လက္ခဏာမို့ ကိုယ့်ပစ္စည်းဥစ္စာတွေကို တခါတည်း စွန့်လွှတ်သွားတာဟာလည်း ဘယ်သူယူယူ ဘာလုပ်လုပ် ငါ့ဥစ္စာမဟုတ်တော့ဘူးဆိုတဲ့ ပေးကမ်းစွန့်ကြဲခြင်းသဘောထဲ သက်ဝင်သွားတာပါပဲ၊ ခွဲခြားနေစရာ မလိုပါဘူး။

ဒါနနဲ့ ပရိစ္စာဂ ဘာထူးသလဲ
          ဒကာ။           ။ သဟာကိုတော့ သဘောကျပါပြီ ဆရာတော်၊ မင်းကျင့်တရားဆယ်ပါးထဲမှာလာတာက ဒါန ကတမျိုး၊ ပရိစ္စာဂ ကတမျိုးမို့လို့ မတူကွဲပြား ခြားနားသလို ဖြစ်မနေဘူးလား ဘုရား၊ စာဂ ပါနေပါတယ် ဆရာတော်၊ ရှင်းပြပါဦး။
          ဆရာ။           ။ ဟိုဟာက တခြားပဲ၊ ပရိစ္စာဂနဲ့လာတာ၊ (ပရိ ဆိုတဲ့ ပုဒ်က အထူးပြုထားတာ) စာဂ မှ မဟုတ်ပဲဟာ၊ ပရိစ္စာဂ ဆိုတာက ဘုရင်မင်းရဲ့ အမှုထမ်းကောင်း၊ သူရဲကောင်း၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတွေ နောင်ကြိုးစား အားတက် လုပ်ဆောင်ချင်အောင် ဆုတော် လာဘ်တော် အနေနဲ့ ဝေဖန်ပိုင်းခြားပြီး ဝေစုချပေးတာကို ခေါ်တာပဲဟာ၊ ပေးကမ်းကာမျှ ဆုတော်သာဖြစ်တာ၊ ပေးစွန့်တာ မဟုတ်ဘူး၊ ဒါနလည်း မဟုတ်ဘူး၊ စာဂလည်း မဟုတ်ဘူး၊ သူ့နာမည်ကိုက ပရိစာဂ”တဲ့။ ဘာလျှာရှည်ချင်သေးလဲ။
          ဒကာ။           ။ ဒီအဖြေစကားနဲ့ပဲ အားရနှစ်သက်လှပါပြီ ဆရာတော်၊ လျှာလည်း မရှည်တော့ပါဘူး။

No comments: