သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, January 8, 2011

ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ

ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ

          ဒကာ။           ။ ပါဠိလို " သာမဏ, ဗြာဟ္မဏ" မြန်မာလို “ရဟန်း, ပုဏ္ဏား” ဟု အနက်ပြန်ဆိုကြရာမှာ၊ သမဏ-ရဟန်းဆိုတာတော့ ထင်ရှားရှင်းလင်းကြပါတယ်၊ ဗြာဟ္မဏ-ပုဏ္ဏား ဆိုတာက ရသေ့လား, ဟိန္ဒူကုလားဘုန်းကြီးမျိုးလား၊ အဲဒီပုဏ္ဏားဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို သိပါရစေ ဆရာတော်။
          ဆရာ။           ။ အင်း...ဒီပုဏ္ဏားဆိုတဲ့ ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်သိလို့ အကျိုးစီးပွား ဘာများဖွံ့ဖြိုးတိုးတက်လာမှာမို့လဲ၊ လူအများက ဒါဟာ ပုဏ္ဏားပဲ လို့ဆိုရင် ပုဏ္ဏား ဟု မှတ်ထားရုံပေါ့၊ အမေးအမြန်း ထူတယ်ကိုး။
          ဒကာ။           ။ ဆရာတော်က မြန်မာအဘိဓာန်ကျမ်းပြုဆရာတော်ဖြစ်လို့ လူမှုရေးရာအရ သိထားသင့်သော အရာမို့ အမှန်သိရအောင် လာမေးတာပါ ဆရာတော်။
          ဆရာ။           ။ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်က ပါဠိလည်းမဟုတ်ဘူး၊ မြန်မာသက်သက်လည်း မဟုတ်ဘူး၊ ပါဠိလို "ဗြာဟ္မဏ" ကို မြန်မာလို "ပုဏ္ဏား" ဟု ရှေးဆရာ့ဆရာများက အနက် ရေးသွားကြလို့ နောက်အဆင့်ဆင့်လိုက်ခေါ် ရေးသားနေကြတာပဲဖြစ်တယ်၊ အဲဒီပုဏ္ဏားဆိုတဲ့ အမျိုးအပြားတွေကလည်း တော်တော်များတာ၊ ပိဋကတ်တော်လာ ဒေါနသုတ္တန် နိပါတ်တော်၌ ပုဏ္ဏားမျိုး လေးပါး အပြားရှိတယ်၊ ဓမ္မသတ်ကျမ်းမှ ပုဏ္ဏားမျိုး ကိုးပါးအပြားကို ဖော်ပြထားတယ်၊ အဲဒါကို လွယ်လွယ်နဲ့ သိချင်ရင် ဆရာတော်ရေးတဲ့ "သုတေသန သရုပ်ပြအဘိဓာန်ကျမ်း" စာမျက်နှာ(၃၇၂၊ ၃၇၃) ပု+ဏ်။ ကဏ္ဍမှာ ရှာကြည့်ပေတော့။
          ယင်း "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ မူရင်းဝေါဟာရ ရေသောက်မြစ်ကို လိုက်ဖော်တဲ့အခါ ရာဇ၀င်ရေစီးကြောင်းထဲမှာ ပါရှိနေတာတွေ့ရတယ်၊
          (၁)     ပြည်,-သရေခေတ္တရာ၊ (၂) ပုဂံ၊ (၃) ပင်းယ၊
          အဲဒီခေတ် သုံးမျိုးတို့တွင် ပြည်,-သရေခေတ္တရာက စ,တင် စိမ့်ဝင် ရောက်လာတာ တွေ့ရတယ်။ ယင်းခေတ်မှာ ဝေဒကျမ်းတတ် ဟိန္ဒူဗြာဟ္မဏ ပဏ္ဍိတ်ကြီးတွေ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသရေခေတ္တရာသို့ ရောက်လာကြကာ မိမိတို့ ကျွမ်းကျင်လိမ္မာတတ်မြောက်တဲ့ ဝေဒကျမ်းစာအရ ဗေဒင်ဟောခြင်း၊ ယတြာပြုခြင်း စသည်တို့ဖြင် ဘုရင်မင်းများထံမှောက် ၀င်ရောက် ခစား အမှုတော်များ ထမ်းဆောင်ကြတယ်၊ သူတို့က ဟိန္ဒူဗြာဟ္မဏမျိုးတွေဖြစ်ကြလို့ နွားကိုချစ်မြတ်နိုးကြတယ်၊ နွားမွေးပြီး နို့, ထောပတ်, ဒိန်ချဉ် စသည် ရောင်းချ ပစ္စည်းရှာသောကြောင့် သရေခေတ္တရာ ရာဇ၀င်အပိုင်းမှာ ယင်းတို့ကို (ဂ၀ံပတိ-လို့) ခေါ်ဆိုကြတယ်၊ မြန်မာလိုတော့ "နွားပိုင်ရှင်" ဟုအနက်ထွက်တဲ့ ပါဠိစကားပဲဖြစ်တယ်၊ ယင်းခေတ်၌ ပါဠိဘာသာ အသုံးများဟန် တူ၏ လို့မှတ်ရမယ်။
          ပုဂံခေတ်ကျတော့ ဗေဒင်, ယာယီ, ယတြာ တို့ကို ယုံစားသူတွေ အတော်များလာလေပြီ၊ ယင်းခေတ်၌ ထို ဂ၀ံပတိ ဆရာ ဗြာဟ္မဏကြီးတို့ကို "ဟူးရား" ဟု ခေါ်ဆိုသုံးနှုံးကြပြန်တယ်၊ ယင်း ဟူးရား ဆရာ ဗြာဟ္မဏကြီးတို့ကိုပင် "ဟူးရားဖြူ, ဟူးရားညို" ဟု အသားအရောင်လိုက်ကာ နှစ်မျိုး နှစ်စား ခွဲခြားထားတာ တွေ့ရပြန်တယ်၊ ဟူးရား, ဟူသော ပေါရာဏ စကားသည် ဗေဒင်,နက္ခတ် ဟူသော အနက်ထွက်တယ်။
          ပုဂံခေတ်လွန်မြောက်၍ ပင်းယခေတ်သို့ ရောက်သောအခါ ယင်းဗေဒင်, နက္ခတ်, ဓာတ်ရိုက်, ဓာတ်ဆင် အတတ်တို့သည် အဆင့်ဆင့် လူသားတို့၏ အရိုးထဲ စွဲဝင်နေပြီဖြစ်ရကား ယင်းဂ၀ံပတိ ဝေဒကျမ်းတတ် ဟူးရားဆရာဗြာဟ္မဏကြီး တို့ကို ဟူးရား မခေါ်ဆိုဘဲ "ပုဏ္ဏား" ဟု ခေါ်ဆို ရေးသားကြတာကို ကျမ်းအစောင်စောင်တို့မှာ တွေ့ရပြန်တယ်၊ ပါဠိဘာသာ(ဗြာဟ္မဏ)ပုဒ်ရှိသမျှကိုလည်း အကုန်လုံး "ပုဏ္ဏား" ချည်းပဲ မြန်မာပြန်ဆို ရေးသားလာကြတယ်။
          အဲဒီ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ ရေသောက်မြစ်ဖျားခံကို လိုက်ရှာတဲ့အခါ ယင်း-ဂ၀ံပတိ, ဟူးရား, ဗြာဟ္မဏပဏ္ဍိတ် ဝေဒကျမ်းတတ် ဗေဒင်ဆရာကြီးတို့ဟာ များသောအားဖြင့် အိန္ဒိယနိုင်ငံ ပုနားမြို့မှ မြန်မာနိုင်ငံသို့ လာရောက်ကြသော ပုနားမြို့နယ်သားတွေသာဖြစ်၍ ၎င်းတို့အား ပုဏားလူမျိုး, ပုဏားသား, ပုနား ခေါ်ဆိုရာမှ အဆင့်ဆင့် အသံပြောင်းကာ "ပုဏ္ဏား" ဟူသော ဝေါဟာရ နာမ်ပိုင်းသို့ ရောက်ရှိတွင်ကျယ်လာကြောင်း မှတ်သားရမည်၊ ပုနားမြို့က ဘုံဘေနယ်မှာ ရှိတယ်။
          ပုံပမာအားဖြင့် ပုဂံမြို့မှ လာရောက်သော ရဟန်းတော်များကို သီရိလင်္ကာတို့, ထိုင်း တို့က ပုဂံသား, ပုဂံဂိုဏ်း ဟုခေါ်ဆိုကြသလိုပင် တဲ့။ ကဲ...အဲဒါ ပုဏ္ဏားအဘိဓာန်ပုဒ်တခုရဲ့ဖြစ်လာပုံ သိထားစရာ လူမှုရေးရာအဖြေပါပဲ၊ မကျေနပ်သေးရင်လည်း တခြားဆီ သွားမေးကြပေတော့။
          ဒကာ။           ။ ဒီလို ရာဇ၀င်ကြောင်း သမိုင်းနဲ့ချီပြီး ခိုင်လုံတဲ့ အဖြေစကားတွေ မှတ်သားရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်။

No comments: