သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, January 21, 2011

ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ

ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ

    ဒကာ။        ။ ကုလဒူသန ရဟန်းတော်များဟာ လူဒါယကာ ဒါယိကာမ တို့၏ ကြည်ညိုမှု သဒ္ဓါတရားကို ဖျက်ဆီးတယ်၊ ပျက်အောင်လုပ်တယ်ဆိုတာ ဘယ်ပုံ ဘယ်နည်းနဲ့ ဘယ်လို ပျက်စီးအောင်လုပ်တာကို ဆိုပါသလဲ ဆရာတော်၊ အနည်းငယ်လောက် ဖော်ထုတ် ရှင်းပြပါဘုရား။
    ဆရာ။        ။ အင်း...ရဟန်းများမှာ မကျင့်ကောင်းတဲ့ အနာစာရတရားရယ်၊ ကျင့်ကောင်းတဲ့ အာစာရတရားရယ်လို့ နှစ်ပါးရှိတယ်၊ အနာစာရ နဲ့ အာစာရတရားပဲ။
        အနာစာရဆိုတာက ရဟန်းများအတွက် မပြုအပ် မပြုသင့် မပြုထိုက် မပြုကောင်းချေ မပြုလုပ်ရ ဟု အာဏာဖြင့် အမိန့်ထုတ်ပညတ်တော်မူထားတဲ့ ဝိနည်းပညတ်တော်တွေပဲ ဖြစ်တယ်၊ အဲဒါကို ရဟန်းဖြစ်သူတိုင်း လိုက်နာခံယူ ကျင့်ကြံရမှာဖြစ်တယ်၊ ဘယ်သောအခါမှ မပြုလုပ် မလွန်ကျူးရဘူး။
        ကုလဒူသန ဆိုတာက အတိုဆုံးနည်းနဲ့ ထုတ်ဖော်ပြရရင် ရဟန်းတော်များသည် လူသားတို့အား မိမိပစ္စည်းကိုမပေးကမ်းရ၊ အောက်ထစ်ဆုံးအားဖြင့် သစ်ရွက်ပေးခြင်း သစ်သီးပေးခြင်းကိုမျှ မပြုလုပ်ရတဲ့။
        ထိုနည်းတူစွာပဲ ရဟန်းတော်များသည် ဆေးကုပေးခြင်း၊ ဗေဒင်ဟောခြင်း၊ ဓာတ်ဆင် ဓာတ်ရိုက်ခြင်း၊ ယတြာချေခြင်း၊ လူတို့၏ အခိုင်းအစေကို ခံယူလုပ်ကိုင်ပေးခြင်း စသည်တို့ကို ဘာမှ မပြုလုပ်ရ၊ ယင်းတို့ကိုပြုလုပ်သော ရဟန်းသည် ကုလဒူသန ဒကာ ဒကာမတို့၏ သာသနာကြည်ညိုမှု သဒ္ဓါတရားကို ပျက်စေသော ဖျက်ဆီးသော ရဟန်းမည်၏တဲ့၊ အဲဒီ အပြုအမူတွေ လုပ်ပြီးတော့ ဖျက်တာပဲ၊ ကဲ...နားလည်ပြီလား၊ သိချင်ရင် ဝိနည်းကို တတ်အောင် သင်ထားကြ။
        ဒကာ။        ။ ရဟန်းက မျက်နှာလို မျက်နှာရ ပြုလုပ်ပေးတာ မဟုတ်ဘဲ ဒုက္ခသည် ဒကာ ဒကာမတို့က အသုံးလိုစွာဖြင့် တောင်းပန်လျှောက်ထားသောကြောင့် ပြုလုပ်ပေးတာဆိုရင် ငါတို့လိုတာရတယ် ဆိုကာ ပိုပြီးကြည်ညိုမှု သဒ္ဓါတရားတွေတောင်မှ ဖြစ်ပေါ်လာကြမှာပဲဟာ ဘယ်နည်းနဲ့ ကုလဒူသန ဒကာ ဒကာမတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်လို့ ဆိုနိုင်ပါသလဲ ဆရာတော်၊ “ပေးကမ်းခြင်းလျှင် အောင်စေရာလို့” ဆရာတော်တို့ပဲ ဟောကြားနေကြတဲ့ဟာ သူ့အကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်ရမှာပေါ့ ဘုရား။
        ဆရာ။        ။ အင်း...ဒကာကြီးတို့ သိထားဖို့က ဝိနည်းသိက္ခာပုဒ်တော်မှန်သမျှဟာ အာဏာဒေသနာတော်ဖြစ်တယ်၊ ဤအမှု ဤအလုပ်မျိုးကို မပြုလုပ်ရဟု အမိန့်အာဏာထားရှိ ထုတ်ပြန်လိုက်ရင် ဘယ်နည်းနဲ့မှ မပြုလုပ် မကျူးလွန်ရဘူးပဲ၊ ပြုလုပ်ကျူးလွန်သော ရဟန်းသည် အနာစာရ မကောင်းသော အကျင့်ရှိသော ရဟန်းပဲလို့ မှတ်ရမည်။
        ဒါ့ကြောင့် မြတ်စွာဘုရား စက်ဆုပ်တော်မူတဲ့ ပစ္စည်းပေးခြင်း၊ ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊ စတဲ့ ရဟန်းတို့မှာ မိစ္ဆာဇီဝဖြစ်တဲ့ အသက်မွေးမှုမျိုးကို ပြုသောကြောင့် မကောင်းသောအကျင့် (အနာစာရ) ကုလဒူသန ဒကာ ဒကာမတို့၏ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းဟု ခေါ်တယ်။
        ဒကာ ဒကာမတို့ သဒ္ဓါတရား ပျက်စီးပုံကတော့၊ ရှေးသရောအခါက ဒကာ ဒကာမတို့ စိတ်ဓာတ်၌ ထိုရဟန်းတော်အား မြတ်စွာဘုရားသခင်၏ တပည့်သား သာဝက သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတဲ့ အရှင်မြတ်တပါးအနေဖြင့် ရိုးသားစစ်မှန်တဲ့ သဒ္ဓါတရားတွေနဲ့သာ ပေးလှူပူဇော်မှုတွေ ပြုကြတယ်၊ အဲဒါဟာ သဒ္ဓါစစ်ပဲ၊ သဒ္ဓါမှန်ပဲ၊ သန့်ရှင်းကြည်လင်တဲ့ သဒ္ဓါပဲ။
        ထိုရဟန်းထံမှ တစုံတခုသော ပစ္စည်းနှင့် ဗေဒင်ဟောပေးမှု၊ ဆေးကုပေးမှု စသည်တို့ကို ခံယူပြီးနောက်မှ ထိုရဟန်းအား ပေးလှူသောအခါ ငါတို့အား ဆေးကုပေးတဲ့ ကိုယ်တော်၊ ပစ္စည်းပေးတဲ့ကိုယ်တော်၊ ဗေဒင်ဟောပေးတဲ့ကိုယ်တော် စသည်ဖြင့် စိတ်ထဲမှာ ထင်စွဲကာ သံယောဇဉ် ခင်မင်မှုတွေဝင်လာတယ်။
        အဲဒါကြောင့် ထိုရဟန်းမှ ပစ္စည်းရ၍ ဗေဒင်၊ ယာယီ၊ ယတြာ၊ ဓာတ်ရိုက် လုပ်ပေး၍ ကြည်ညိုခြင်းမှာ ပကတိ သာသနာတော်ကို သန့်ရှင်းကြည်လင်စွာဖြင့် ကြည်ညိုသော သဒ္ဓါတရားမျိုး မဟုတ်တော့ပေတဲ့၊ သဒ္ဓါတရားကို ဖျက်ဆီးသော ရဟန်းဟု ခေါ်ဆိုတယ်၊ ကဲ...နားလည်လောက်ရော့ပေါ့၊ ဆိုလိုရင်းကတော့ ဒကာ ဒကာမတို့ရဲ့ လောကီရေးရာခိုင်းတာကို ခိုင်းတိုင်း လုပ်ပေးတဲ့ အစေအပါးခံ ရဟန်းမျိုးဟာ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးတာပဲ။
    ဒကာ။        ။ ဒီလိုဆိုရင်တော့ တပည့်တော်တို့ ခုကြည်ညိုပေးလှူ ပူဇော်နေကြတဲ့ သဒ္ဓါတရားတွေဟာ မတွေးဝံ့အောင် ပျက်စီးကုန်ပြီ ဆရာတော်၊ သဒ္ဓါတရားအစစ်ဖြစ်အောင် တော်တော်ရွေးချယ် ကိုးကွယ်ကြရမှာပဲ ဘုရား။
    ဆရာ။        ။ အင်း....ဒါကတော့ “ဝိစေယျ ဒါနံ ဒါတဗံ္ဗ” တဲ့၊ ကိုယ့်အထာ ကိုယ်သိက သန့်စင်တဲ့ သဒ္ဓါဖြစ်အောင် ပုဂ္ဂိုလ်ကို ရွေးချယ်ကိုးကွယ်ဆည်းကပ်ကြပေါ့၊ ဒါထက်ပိုပြီးညွှန်ကြားစရာ မရှိတော့ဘူး။

No comments: