ငါးပါးသီလဟာ လူတို့၏ နိစ္စသီလလော
ဒကာ။ ။ ဆရာတော်က လူတို့မှာ အမြဲတစေ စောင့်သုံးရမည့် နိစ္စသီလမျိုး မရှိဟု မိန့်ဆိုသွားပေမယ့် ဆရာထိုထိုတို့ကတော့ လူတို့သည် ငါးပါးသီလကို မိမိတို့ ခါးဝတ်ပုဆိုး, ထမီ ကဲ့သို့ အမြဲစောင့်ထိန်းရမည့် နိစ္စသီလမျိုးဖြစ်သည်၊ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းကြဟု ဟောကြားဆုံးမ သွားကြတာချည်းပဲမို့ ငါးပါးသီလဟာ လူတို့ရဲ့ နိစ္စသီလ မဟုတ်ဘူးလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း...ဒီစကားက "ဥပါသကော ပါသိကာနံ နိစ္စသီလ၀သေန ပဉ္စသိက္ခာ ပဒါနိ" ဟူသော ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ၏ စကားကို မူထားပြီး လူနဲ့ သီလ, မခွဲခြားဘဲ တသားတည်း ဟောကြားကြတာပဲ ဖြစ်တယ်။
ပိဋကတ်စာပေ၌ လိမ္မာ ကျွမ်းကျင်တော်မူကြတဲ့ ဆရာတို့ ယူဆပုံက (၁) သီလကို စောင့်ထိန်းတတ်တဲ့ လူရယ်၊ (၂) စောင့်ထိန်းအပ်တဲ့ သီလရယ် နှစ်မျိုးခွဲခြားပြီး ယူကြတယ်၊ "လူနဲ့, သီလနဲ့, သီလနဲ့လူ" သီလက စောင့်ထိန်းခံရတဲ့ သဘောပဲရှိတယ်၊ ဒီသဘောကို စောင့်ထိန်းပေးရမှာက လူပဲ ဖြစ်တယ်။
ဝိသုဒ္ဓိမဂ်ဆရာက (နိစ္စ သီလ ၀သေန ပဉ္စသိက္ခာပဒါနိ) သည် သိက္ခာပုဒ် ငါးပါးလုံးဟာ အမြဲစောင့်ထိန်းရမည့် သီလလို့ (လူကိုပဓာနမထားဘဲ) စောင့်ထိန်းခံရတဲ့ သီလရဲ့သဘောရင်းကိုသာ ပဓာနထားပြီး မိန့်ဆိုထားတာဖြစ်တယ်။
ဝိသုဒ္ဓိမဂ်ဆရာရဲ့ ဆိုလိုရင်းက သည်ငါးပါးထဲက တပါးပါးကို ကျူးလွန်မိရင် အပြစ် အပြစ်ရှိရမည်သာ ဖြစ်၏ဟုဆိုလိုတယ်၊ အဲဒီငါးပါးထဲက ဘယ်ဟာကိုမှ မကျူးလွန်ရဘူးတဲ့၊ အဲဒါပဲ၊ အဲဒါကို နိစ္စလို့ဆိုတာ။ အဲဒီလို သီလကိုသာ အခြေခံ ဦးစားပေးကာ ပြောကြားတဲ့စကားကို ဆရာအချို့က "ဒီငါးပါးသီလကို အမြဲစောင့်ထိန်းနိုင်မှ စောင့်ရမည်" နိစ္စသီလမျိုး ဖြစ်သည်၊ အမြဲမစောင့်နိုင်ရင် မစောင့်ရဘူး၊ တ၀က်တပျက်နဲ့ မစောင့်ကောင်းဘူးဟု စောင့်ထိန်းသူ လူကို ဆွဲထည့်ပြီး ဟောပြောနေကြတာ ဖြစ်တယ်၊ ထိုဆရာတို့ စကားကို မမှတ်သား မခံယူရဘူးနော်။
ပဉ္စသီလ၏သဘောရင်းကား ငါးပါးစလုံးကိုပင် အမြဲစောင့်ထိန်းအပ် စောင့်ထိန်းခံရမည့်သဘောကို ဆောင်နေသည်တဲ့၊ ဒါဟာ ပဉ္စသီလရဲ့ဓမ္မသဘောပဲဖြစ်တယ်။
စောင့်ထိန်းတတ်တဲ့လူတို့၏ သဘောကတော့ သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း (ယံ ယံ သက္ကောန္တိ တံ တဒေ၀ ဂေါပေန္တိ) ကိုယ်စွမ်းအားရှိသလောက် ငါးပါးလုံးဖြစ်စေ၊ တပါးပါးပဲဖြစ်စေ၊ နှစ်ပါး သုံးပါး ဖြစ်စေ စောင့်ထိန်းကြခြင်းပဲ ဖြစ်တယ်၊ သီလရဲ့ ဓမ္မသဘောသွားကို ယူပြီးတော့ လူတို့ရဲ့ သဘောထားကို တသားတည်းဖြစ်အောင် မရောမယောင်ရဘူး၊ ကဲ...ရှည်သွားပြီ တော်ကြစို့။
ဒကာ။ ။ အော်...ဒါ့ကြောင့် ဆရာအချို့က ကံငါးပါးထဲက ၂ ပါးထိန်းရမယ်၊ ၃ ပါး ထိန်းရမယ်နဲ့ ခွဲခြမ်းပြီး စွမ်းနိုင်သမျှ ထိန်းခိုင်းကြတာကို၊ ကျေနပ်ပါပြီ ဆရာတော်။
No comments:
Post a Comment