သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, January 1, 2011

အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ


အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို 
ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ

          ဒကာ။           ။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်အား နိုင်ငံခြားအစိုးရနှင့် သူဌေးများက ကာလတန်ဖိုးအားဖြင့် အမြင့်မားဆုံးဖြစ်၍ အကောင်းဆုံးဖြစ်သော မော်တော်ကားကြီးကို ပေးလှူကြရာ အရှင်ဝိစိတ္တ မထေရ်မြတ်သည် ခံယူသုံးဆောင်မှု မပြုဘဲ ပြန်ပေးကြောင်းနှင့် တဆင့်စကားကြားသိရပါသည်၊ ရဟန်းတော်များသည် လောက၌ သဒ္ဓါကြည်ညိုစွာဖြင့် ပေးလှူပူဇော်ကြသော မွန်မြတ်လှသည့် လူ့အသုံးအဆောင် မင်းအသုံးအဆောင်တို့ကို ခံယူ သုံးဆောင်မှု မပြုရဘူးလား ဆရာတော်၊ ကျမ်းဂန်များ၌ ကျင့်ထုံးများ တွေ့ရှိဖူးပါသလား ဘုရား။
          ဆရာ။           ။ ဒီမေးခွန်းက ထိုအရှင်မြတ်နှင့် တိုက်ရိုက် ဆက်စပ်နေတဲ့ဟာပဲ၊ ထိုအရှင် ဟာလည်း သက်တော်ထင်ရှားရှိနေလျက်နေတဲ့ဥစ္စာ၊ သူ့ထံသွားမေးရင် ပိုကောင်းမယ်ထင်တယ်၊ ထိုအရှင်မြတ်အား သံကြီး တမန်ကြီးများက အလွန်အဖိုးတန်တဲ့ မော်တော်ကားကြီးတစင်း ပေးလှူတာ အရှင်မြတ်က မခံယူဘူးလို့ ကြားသိရဖူးတာပဲ ရှိတယ်၊ သူ့ကိစ္စ သူ့ထံ သွားမေးကြပေါ့။
          ဒကာ။           ။ သည်ဆရာတော်က ဘုန်းရှင် ဉာဏ်ရှင် ဂုဏ်ကြီးရှင် တပည့်ပရိသတ်တွေ များစွာနှင့် မအားရအောင် ဟောကြားညွှန်ပြ ကိစ္စတွေ များလှသော ဆရာတော် တပါး ဖြစ်နေလို့ သည်လိုမေးစရာ အသေးအဖွဲကလေးမျှနဲ့ သွားရောက် အချိန်ယူဆွေးနွေးရမှာ ၀န်လေးလို့ပါဆရာတော်၊ ရှေးရှေးရဟန်းတော်များ ကျင့်သုံးသော ထုံးနည်း စံမူများ တွေ့ဖူး ရှိဖူးသလားလို့ မေးတာပါ။
ဆရာ။           ။ ကိုင်း...သည်လိုဆိုရင် နားထောင်ကြပေတော့၊ တွေ့ဖူးပါတယ်၊ မြတ်စွာဘုရားလက်ထက်တော်က ဗုဒ္ဓနဲ့ ဆန့်ကျင်ဘက် အတ္တသမား သစ္စက ပရိဗိုဇ်ကြီးဟာ နောက်ပိုင်း၌ သီဟိုဠ်ကျွန်း တခုသော ရွာကြီး၌ အမတ်မျိုးမှာ လူလာဖြစ်တယ်၊ အရွယ်ရောက်တော့ ရှင်ရဟန်းပြုကာ ဘုန်းကံကြီးမား ကျော်စော ထင်ရှားသော ပိဋကတ် သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာကြီး ဖြစ်သွားတယ်၊ ဘွဲ့တော်က ကာလဗုဒ္ဓရက္ခိတ တဲ့။
အချိန်အားဖြင့် မြတ်ဘုရား ပရိနိဗ္ဗာန် ၀င်စံပြီးနောက် အနှစ် နှစ်ရာကျော်လောက်မှာဖြစ်တယ်၊ သာသနာပြုမင်းကတော့ ဘုရင်တိဿမင်းမြတ်ပဲ၊ တိဿ ဘုရင်မင်းမြတ်ဟာ စေတိယတောင် ရာဇလိုဏ်ဂူ၌ ဥပုသ်ဆောင်ဝင်နေတုန်းမှာ အရှင်ကာလဗုဒ္ဓရက္ခိတ ထေရ်မြတ် ဟောကြားသည့် ဗုဒ္ဓဂုဏ်တော်နဲ့ စပ်တဲ့ တရားတော်များကို မထင်ရှားသော အသွင်ဖြင့် ပရိသတ်နောက်နားက မတ်တတ်ရပ်ကာ တညဥ့်ပတ်လုံး နာယူလျက် တရားသိမ်းသောအခါ သာဓု ခေါ်ပြီး ထေရ်မြတ်အား ကြည်ညိုလှ၍ သူ့ရဲ့ ပဒေသရာဇ်မင်းစည်းစိမ် တိုင်းပြည်ကို အရှင်မြတ်အား ပေးလှူပါ၏ ဟုဆိုကာ ပေးလှူလိုက်တယ်၊ နောက် ဆက်ပြီးတော့.....
သို့ပေမယ့် ဒါလောက်ကလေး ပေးလှူရတာ အားမရ တင်းမတိမ်ပါဘူး ဘုရား၊ အရှင်ဘုရားသည် အပမာဏ အဆုံးအပိုင်းအခြားမရှိ အနန္တဖြစ်သော မြတ်ဘုရား၏ ဂုဏ်တော်များကို ဟောကြားတာနဲ့ နှိုင်းယှဉ်လျှင် ဤမျှသော မင်းစည်းစိမ်ချမ်းသာဟာ တပည့်တော်၏ "ဆင်းရဲသား လက်ဆောင်မျှသာ" ဖြစ်ပါသည်ဘုရားဟု လျှောက်ထားကာ ရိုသေစွာ ပေးလှူပူဇော်တယ်တဲ့။ ကာလဗုဒ္ဓရက္ခိတ မထေရ်မြတ်ကလည်း မြတ်သောမင်းကြီး သင်မင်းကြီးသည် မွန်မြတ်သော ဇောစေတနာ သဒ္ဓါကြည်ညိုမှုကို ပြုပြီးပေပြီ၊ ဤသို့ ပေးလှူပြီးသော မင်းစည်းစိမ်ချမ်းသာကို သင်မင်းကြီးတို့အားသာလျှင် ပြန်လည်၍ ပေးအပ်ပါ၏၊ ရဟန်းရှင်လူ တိုင်းသူပြည်သားတို့အား တရားနဲ့အညီ အုပ်ချုပ်ကာ မင်းပြုလုပ်ပါလော့ဟု မိန့်ကြားပြီး ဘုရင်တိဿမင်းတရားကြီးအား ပြန်လည် ပေးအပ်ကြောင်းများနှင့် ကျမ်းဂန်မှာ လာရှိတယ်၊ အဲဒါဟာ သူတော်စင်ရဟန်းများ၏ မမော်မကြွားနည်းယူစရာ ကျင့်ထုံး တရားပဲ။
          ဒါ့ကြောင့် အရှင်ဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်ကလည်း ဓမ္မဘဏ္ဍာဂါရိက တရားဘဏ္ဍာထိန်း တရားစိုးသူကြီးပီပီ ရဟန်းတော်များနှင့် မသင့်မလျော်ဟု ထင်ရသော မွန်မြတ်လှသည့် အကောင်းဆုံးသော လူ့အသုံးအဆောင် မင်းအသုံးအဆောင် ပစ္စည်းဝတ္ထုများကို သူဌေးမင်း လူမင်းတို့က ပေးလှူကြသော်လည်း လက်ခံသုံးဆောင်မှု မပြုဘဲ အလှူ့ရှင်ဒါယကာမင်းများအားသာ တဖန်ပြန်၍ ပေးအပ်လိုက်တာဖြစ်တယ်လို့ မှတ်ယူကာ ၀မ်းသာစွာ သာဓုခေါ်ကြပေါ့၊ ကဲ....ရှင်းလင်းရဲ့လား၊ ဒါထက်ပို မဖြေနိုင်ဘူး၊ သူ့ကို တိုက်ရိုက်သွားမေးရင် ဒါထက်ကောင်းတဲ့ အဖြေရမှာပဲ။
          ဒကာ။           ။ ဒီလို ပြတ်ပြတ်သားသား ကျမ်းဂန်စာပေ လာအတိုင်းကြားသိရတာ ကျေးဇူးတင်မဆုံးနိုင်ပါဘူး ဆရာတော်၊ ဒီအဖြေနဲ့ပဲ ကျေနပ်နှစ်သက်လှပါပြီ။

No comments: