သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, January 19, 2011

ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား


ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား

          ဒကာ။           ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ့ ကိုယ်ဖြစ်လာတဲ့ သုံးဆယ့်တဘုံ ဘဝမျိုးစုံကို ကုန်အောင်စုံ သိနိုင်တယ်ဆိုတာ ဟုတ်ပါသလားဆရာတော်။
          ဆရာ။           ။ ဟုတ်မှန်တဲ့ ပုဂ္ဂိုလ်လည်း ဟုတ်မှန်တယ်၊ မဟုတ်မမှန်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်မမှန်ဘူး၊ ဒါက လွယ်တဲ့ဉာဏ်အလုပ်မျိုးမှ မဟုတ်ဘဲဟာ။
          ဒကာ။           ။ ဆရာတော့်အဖြေစကားကို ဒကာကြီးတို့ နားမလည်ဘူးဘုရား၊ နားလည်နိုင်တဲ့နည်းနဲ့ ရှင်းပြပါလားဆရာတော်။
          ဆရာ။           ။ ပုဗ္ဗေနိဝါသဉာဏ် အဘိညာဉ်ဆိုတာ ဘဝရဲ့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ကို အစဉ်လိုက် အမှီပြုပြီးတော့ သိတဲ့ဉာဏ်၊ သေတာနဲ့ ဖြစ်တဲ့ဘဝကို အဆင့်ဆင့်လိုက်ပြီးတော့ သိတဲ့ဉာဏ်လို့မှတ်ပါ။
                   အဲသည်လို သိတဲ့နေရာမှာလည်း သေတာနဲ့ ဖြစ်တာကို အာရုံပြုပြီး အစဉ်လိုက်ယူတဲ့အခါမှာ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ခေါ်တဲ့ ဤမှာဘက်မှ သေတဲ့စိတ်နဲ့ ဟိုမှာဘက်၌ စိတ်နာမ်ခန္ဓာတရားတို့ အခြားမရှိဘဲ အဆင့်ဆင့် တစပ်တည်း အစဉ်ဖြစ်ပျက်နေတဲ့ နာမ်ခန္ဓာသဘောအာရုံကိုသာ ယူမှီပြီးတော့ ဘဝများစွာကို သိနိုင်တာဖြစ်တယ်၊ ဒါ့ကြောင့်…..”စေတောပရိယဉာဏံ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ ဥပနိဿယ ပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်း၌ ဟောတော်မူတယ်။
                   ဘဝဆိုတာက (၁) ရုပ် နာမ် ခန္ဓာ ငါးပါးစုံဘဝလည်းရှိတယ်၊ (၂) နာမ်ခန္ဓာလေးပါးချည်းဖြစ်တဲ့ ဘဝလည်းရှိတယ်၊ (၃) ရုပ်ခန္ဓာတပါးတည်းသာဖြစ်နေတဲ့ ဘဝလည်းရှိတယ်၊ အဲဒါကိုပဲ အဘိဓမ္မာက (၁) ပဉ္စဝေါကာရ ဘဝ၊ (၂) စတုဝေါကာရဘဝ၊ (၃) ဧကဝေါကာရ ဘဝ လို့ ခေါ်တယ်။
                   အဲဒီလို ဘဝသုံးပါးလုံးကို ပုဗ္ဗေနိဝါသဉာဏ်နဲ့ ကုန်အောင်စုံ အဟုတ်အမှန်သိနိုင်တာက မြတ်စွာဘုရားသခင်သာဖြစ်တယ်၊ ဘုရားမှတပါး ကျန်တဲ့သာဝက ပုဗ္ဗေနိဝါသ အဘိညာဉ်တန်ခိုးရှင် ဟူသမျှတွေဟာ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို အာရုံပြု၍ အစဉ်လိုက်ယူနိုင်ကြပေမယ့် အနန္တရ ပစ္စည်းနဲ့ အစဉ်မပြတ်ဖြစ်နေတဲ့စိတ် နာမ် ဓမ္မနဲ့ စပ်၍သာ လိုက်ယူနိုင်တာဖြစ်တယ်၊ သိနိုင်ကြတာဖြစ်တယ်။
                   စိတ်နာမ်ခန္ဓာမရှိတဲ့ ရုပ်ခန္ဓာသက်သက်နဲ့ ပဋိသန္ဓေ သွားနေတဲ့ အသညသတ်ဘဝမျိုးကျတော့ သာဝကတွေမှာရှိတဲ့ ပုဗ္ဗေနိဝါသအဘိညာဉ်က မသိနိုင်တော့ဘူး၊ စုတိစိတ်ဖြစ်ပြီးတော့ ပဋိသန္ဓေစိတ်ပြတ်သွားလို့ စိတ်မရှိဘဲ ရုပ်သက်သက်ခန္ဓာတပါးတည်းနဲ့ အသညသတ်ဘုံမှာ မဟာကပ် ၅၀ဝ ကြာအောင် သွားဖြစ်နေတာ၊ ဒါ့ကြောင့် အသညသတ်ဘဝကို သာဝက ပုဂ္ဂိုလ်တွေက ပုဗ္ဗေနိဝါသဉာဏ်နဲ့ အဟုတ်အမှန် မသိနိုင်ဘူးလို့ ပြောတာ၊ ကဲ...နားလည်ပြီလား။
          ဒကာ။           ။ ရှင်းလင်းနားလည်သွားပါပြီဆရာတော်၊ ပုဗ္ဗေနိဝါသဉာဏ်က စိတ်နာမ်ခန္ဓာ အစဉ်ကိုသာ လိုက်သိနေတာကိုး၊ သည်လို ကွဲကွဲပြားပြားသိရတာမို့ ကျေးဇူးတင်လိုက်တာ ဆရာတော်။

No comments: