သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, January 2, 2011

ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား


ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား

          ဒကာ။           ။ မြတ်စွာဘုရားက သရက်ဖြူပင်ရင်းမှာ တန်ခိုးတော်ပြရာဝယ် ကိုယ်တော်၏ အထက်ပိုင်းက မီးအလျှံတွေ မျက်လုံးတော်တဘက်က ဖြူသောရောင်ခြည်တော်တွေ၊ တဘက်က နီသော ရောင်ခြည်တော်တွေ စသည်ဖြင့် အပြိုင်အပြိုင် လွှတ်တော်မူတယ်လို့ တချို့ဆရာများက ပြောဟောကြတယ်၊ တချို့ဆရာ ကျတော့လည်း မဟုတ်ဘူးတဲ့၊ တခြားစီ ထွက်ပေါ်လာကြတာတဲ့၊ အဲဒါရှင်းပြပါဦး ဆရာတော်။
          ဆရာ။           ။ သဟာက စိတ်အလုပ်တွေပဲ၊ အဘိဓမ္မာဝီထိပိုင်းသင်ဖူးရင်သိပါတယ်၊ တချိန်တည်းမှာ စိတ်နှစ်မျိုး တပြိုင်တည်း မဖြစ်နိုင်ဘူး၊ ရေအလျဉ်ကို ဖန်ဆင်းတာက တစိတ်, တ၀ီထိ, တကာလ၊ မီးအလျဉ်ကို ဖန်ဆင်းတာက တစိတ်, တ၀ီထိ, တကာလ၊ တခြားစီဖြစ်တာပါ၊ အတူတူတပြိုင်တည်းဖြစ်တာ မဟုတ်ပါဘူး။
          ဒကာ။           ။ အနို့ ဘာဖြစ်လို့ ယမက...အစုံ အစုံ အတူတူ တပြိုင်တည်းဟု ပြောဟောနေကြတာလဲ ဆရာတော်။
          ဆရာ။           ။ ဘုရားမြတ်၏ စိတ်ဓာတ်တော်က အလွန်အမင်းလျင်မြန်ခြင်းရှိတယ်၊ တ၀ီထိနဲ့ တ၀ီထိကြားမှာ ဘ၀င်စိတ်အားက နည်းနည်းပါးပါး သာဖြစ်တာ၊ ၀သီဘော် ငါးပါး လေ့လာခြင်းများကလည်း ထိပ်ဖျားထွတ်ခေါင် ဆောင်နေတော်မူတာဖြစ်တယ်။ ဒါ့ကြောင့် ဖူးမြင်ရတဲ့ လူ, နတ်, ဗြဟ္မာတွေက မီးနဲ့ရေဟာ အတူတူတပြိုင်တည်း ဘွားခနဲ ဘွားခနဲ အစုံအစုံ ဖြစ်ပေါ် ဖြစ်ပေါ်လာတယ်လို့ ထင်နေကြတာပါ၊ အဲဒါသေချာစွာ သိချင်ရင် စိတ်အစဉ် ဖြစ်ပေါ်ပုံ ၀ီထိပိုင်းကို လေ့လာသင်ကြားပေးပါ၊ အမှန်က တန်ခိုးပြာဋိဟာ ပြတယ်ဆိုတာတွေမှန်သမျှ စိတ်အလုပ်တွေချည်းပဲ၊ စိတ်သည် တခုပြီးမှ တခုဖြစ်သလို ဖန်ဆင်းပေးတဲ့ အာရုံတွေဟာလည်း တခုပြီးမှ တခု ဖြစ်ပေါ်လာတာလို့သာ မှတ်ယူရမယ်၊ ကဲ ကျေနပ်ပြီလား။
          ဒကာ။           ။ စိတ်အစဉ်ဖြစ်ပုံ ၀ီထိပိုင်း နားလည်အောင် လေ့လာသင်ကြားရမှာပဲ ဆရာတော်၊ ဒါမှသာ ပိုရှင်းကျေနပ်မှာပဲ။

No comments: