သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, January 4, 2011

ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား


ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား

ဒကာ။           ။ သုဂတိဘ၀ဖြစ်တဲ့ လူ,နတ်,ဗြဟ္မာ ဇာတိ ဥပပတ္တိဘ၀ကို ရလာကြတာဟာ ဘ၀သမ္ပတ္တိပဲ မဟုတ်လား ဆရာတော်။
                   တချို့ဆရာတော်တွေက ဒေ၀ဂတိ, မနုဿဂတိ ဆိုတာဟာ ဘ၀သမ္ပတ္တိ မဟုတ်ဘူးတဲ့၊ ဇာတိ, ဥပပတ္တိဘ၀သာဖြစ်တယ်လို့ ဟောပြောနေကြလို့ ရှင်းပြပါဦး ဆရာတော်။
          ဆရာ။           ။ အဲဒီ တချို့ဆရာတွေ ဟောတာဟာ အမှန်ပဲဖြစ်တယ်၊ လောကီကံကို ပြုလုပ်လိုက်လို့ အကျိုးဝိပါက်ပေးလိုက်တဲ့အခါမှာ အဲဒီကံရဲ့အကျိုးဟာ နှစ်မျိုးရှိတယ်။
          ၁။       ဘ၀အကျိုး။              ။ အကုသိုလ်ကံက အပါယ်လေးပါးဘ၀၊ ကုသိုလ်ကံ က လူ,နတ်, ဗြဟ္မာ ဘ၀ပဲ၊ သဘောတရားကတော့ ဇာတိ ပဋိသန္ဓေအခါနဲ့ ပ၀တ္တိအခါမှာ အစဉ်ဖြစ်နေတဲ့ ၀ိပါက် နာမ် ခန္ဓာ, ကံကြောင့် ဖြစ်တဲ့ ရုပ်တို့ကို ဥပပတ္တိဘ၀ လို့ခေါ်ဆိုတယ်၊ ဘ၀အကျိုးဆိုတာ ၀ိပါက၀ဋ် ရုပ်နာမ်ပညတ်အားဖြင့် သတ္တ၀ါကောင်, ၀ဋ်ကောင် ခေါ်ဆိုရတဲ့ ဥပပတ္တိဘ၀ကိုယူရတယ်။
          ၂။       ဘ၀သမ္ပတ္တိအကျိုး။               ။ ထိုဥပပတ္တိဘ၀၌ မကြောင့်မကြ မတောင့်မတ ရဘဲ ပြည့်ပြည့်စုံစုံနဲ့ စိန်, ရွှေ, မြ, ရွဲ, ပုလဲ, ပတ္တမြား, အိုးအိမ်, တိုက်တာ, ယာဉ်ရထား စတဲ့ အသုံးအဆောင် စည်းစိမ်အမျိုးမျိုးတို့ကို ဘ၀သမ္ပတ္တိအကျိုး ဘ၀သမ္ပတ္တိ လို့ ခေါ်တယ်။
                   လူ,နတ်, ဗြဟ္မာ သတ္တ၀ါ ဖြစ်လာတာကို ဘ၀အကျိုးပေးလို့မှတ်၊ စည်းစိမ်ဥစ္စာပြည့်စုံစွာ ရှိနေမှုကို ဘ၀သမ္ပတ္တိအကျိုးပေးလို့မှတ်၊ ဘ၀ နဲ့ ဘ၀သမ္ပတ္တိကို အဲသည်လို ခွဲခြားပြီး ယူရတယ်၊ ကဲ...ရှင်းပြီလား။
          အချို့ဆရာတို့က အပါယ်လေးပါးဘ၀နဲ့စာရင် လူ,နတ်ဘ၀က အနည်းငယ်မျှ ချမ်းသာလို့ ယင်းကို ဘ၀သမ္ပတ္တိလို့ ခေါ်ဆိုကြတယ်၊ ဒါပေမဲ့ "ဘ၀သ္မာ ဝေရီ နတ္ထိ" တဲ့၊ ဘ၀နဲ့တူတဲ့ ရန်သူဟာ ဘယ်မှာမှ မရှိဘူးတဲ့၊ ဘ၀ဟာ ဒုက္ခသက်သက်ပဲလို့သာ မှတ်ပေတော့။
          သို့သော်...အဲဒီလူ့ဘ၀,နတ်ဘ၀ ကနေပြီးတော့ ဘ၀၏ ငြိမ်းအေးရာ နိဗ္ဗာန်ကို ရယူနိုင်တဲ့အတွက် ဘ၀သမ္ပတ္တိလို့ ခေါ်ရတာပဲရှိတယ်။
          ဒကာ။           ။ ရှင်းပါပြီဆရာတော်၊ မသိခင်တုန်းကတော့ လူ,နတ်, ဗြဟ္မာဘ၀ကို ဘ၀သမ္ပတ္တိလို့ပဲ မှတ်ယူနေမိပါတယ်။

No comments: