သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, January 20, 2011

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော၊ ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား။

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော

          ဒကာ။           ။ လူရော ရှင်ပါ ကုသိုလ်ကောင်းမှု ပြုကြရာမှာ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်အောင် ပြုလုပ်ကြဖို့ကို သည်လိုမှတ်ရမယ်လို့ ဆရာတော်တွေက ဟောကြားသင်ပြ ပေးကြပါတယ်။
                   အလှူ့ဒကာဟာလည်း မမြဲသောအနိစ္စတရားပဲ၊ လှူစရာဝတ္ထုဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အလှူခံယူသူဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အနိစ္စ ငါက၊ အနိစ္စ ဝတ္ထုပစ္စည်းကို၊ အနိစ္စ ခံယူသူအား ပေးလှူလိုက်တာပဲ ဟု စိတ်ထားပြီး ပေးလှူရမည် စသည်ဖြင့် သင်ကြားပေးကြပါသည်။
                   ဆရာတော်ကြီးတွေ သင်ကြားညွှန်ပြတဲ့အတိုင်း နှလုံးမသွင်း မဆင်ခြင်တတ်ရင် ဉာဏသမ္ပယုတ်ကုသိုလ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ နည်းနည်းကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
          ဆရာ။           ။ အင်း...ဒါန သီလ သမထ ကုသိုလ်တို့ရဲ့ ဆိုလိုရင်းဉာဏ်ပါဖို့ကတော့ ကိုယ်ပြုတဲ့ကံနဲ့ လုပ်ခရရှိမည့်ကံ၏ အကျိုးစသည်တို့ကို သိမြင်ကာ ယုံကြည်စွာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တာပါပဲ၊ သည်နှစ်ပါးနဲ့ပဲ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကြောင်းကတော့ လုံလောက်ပါတယ် ဒကာကြီးတို့ရာ။
          ဒကာ။           ။ အနို့....အလှူခံ အလှူပေး အလှူပစ္စည်းတို့ကို အနိစ္စ မမြဲ စသည်ဆင်ခြင်ရမည်လို့ ဆိုတဲ့အတိုင်း ဝိပဿနာဉာဏ် မပါဘဲနဲ့လုပ်ရင် ဉာဏသမ္ပယုတ် ဟုတ်နိုင်ပါမည်လား ဘုရား။
          ဆရာ။           ။ အဲဒီလို မခိုင်မြဲတဲ့ အလှူ့ဒကာ အနိစ္စ၊ ငါက မမြဲတဲ့ အနိစ္စ ပစ္စည်းတွေကို မမြဲတဲ့ အလှူခံသူ အနိစ္စပုဂ္ဂိုလ်အားလှူဒါန်းနေခြင်းမျှသာလို့ သင်ကြားပြောပြပေးကြတာကတော့ မြင့်မြတ်သော ဝိပဿနာဉာဏ်ဖြစ်ကြဖို့အတွက် ဝိပဿနာနဲ့ အတင်း ဆွေမျိုးစပ်ကာ ပြောဟောခြင်းလောက်ပဲ ဖြစ်တာပါ၊ ပြောပြပေးတဲ့ အတိုင်း မလုပ်တတ် မဆင်ခြင်တတ်ဘဲ မိမိပြုလုပ်တဲ့ ကုသိုလ်ကံနဲ့ ကံ၏အကျိုးတရား စသည်လောက်ကို သိရှိလှူဒါန်းတတ်ရင် ဉာဏသမ္ပယုတ် မဟုတ် မဖြစ်လို့တော့ မမှတ်ယူရပါဘူး၊ ဉာဏသမ္ပယုတ်ဖြစ်ပါတယ်။

ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား

          ဒကာ။           ။ ဝိပဿနာဉာဏ်မပါဘဲ ကံ ကံ၏အကျိုးစသည်ကို သိရှိယုံကြည်တာနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ပုံကို နည်းနည်းလောက် ရှင်းပြပါဦးဆရာတော်။
          ဆရာ။           ။ ဗုဒ္ဓဘာသာရဲ့ ကုသိုလ်လမ်းကြောင်း အမှန်ဆုံးကို ထောက်ပြပါဆိုရင် မဂ္ဂင်ရှစ်ပါးကိုသာ ထောက်ပြရမှာဖြစ်တယ်၊ အဲဒီ မဂ္ဂင်လမ်းကြောင်းတွေထဲမှာလည်း ပညာဉာဏ်မဂ္ဂင်လမ်းမကြီးတခုဖြစ်တဲ့ သမ္မာဒိဋ္ဌိမဂ္ဂင်လမ်းမကြီးဟာ အရေးအပါဆုံးဖြစ်တဲ့ ဉာဏ်လမ်းမကြီးပဲလို့ မှတ်ရမယ်။
                   အဲဒီ သမ္မာဒိဋ္ဌိဉာဏ်လမ်းမကြီးကနေပြီးတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိလမ်း၊ ဝိပဿနာ သမ္မာဒိဋ္ဌိလမ်း စတဲ့ လမ်းတွေ ဖြာထွက်လာတာကို သိထားရမှာဖြစ်တယ်၊ ဒါ့ကြောင့် မြတ်ဗုဒ္ဓက....
                   သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနိ ကမ္မဗန္ဓု-
စသည်ဖြင့် ကံကိုမူတည်ပြီး ဉာဏ်သွင်း ယုံကြည်ကြဖို့ ဟောကြားတော်မူသွားတာတွေကို ထောက်ထားပြီးတော့ ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တယ်လို့ ဆိုတာပဲ၊ ကဲ....ရှင်းပြီလား၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပါတယ် လို့ မှတ်ရမည်။
                   ဝိပဿနာဉာဏ် အစဉ်ပြုလုပ်နည်းက ဒါန သီလ သမထတို့နဲ့ မဆိုင်ဘူး၊ ပထမ ရုပ်သဘော နာမ်သဘောကို ပိုင်းခြားပြီးတော့ သိအောင် သင်ယူမှု ပြုလုပ်ရမယ်၊ ဒုတိယ ရုပ်နာမ်တို့ရဲ့ ဖြစ်ပေါ်ပုံ အကြောင်းအကျိုးကို အမှန်သိအောင် သင်ကြားမှုလုပ်ရမယ်၊ အဲဒီ နှစ်ပါးကို ပိုင်နိုင်စွာသိထားရင် ငါ သူတပါး ယောက်ျား မိန်းမ ငါ့ဥစ္စာ ငါ့ဟာပြုတ် ရုပ် နာမ်ကိုသာ သိတော့တယ်။
                   အဲဒီတော့မှ ရုပ်နဲ့ နာမ်ဟာ မြဲသလား နိစ္စလား အနိစ္စလား ဆိုတာ ကိုယ်တိုင်သိအောင် အဇ္ဈတ္တ-ကိုယ်တွင်းကို စိတ်ဉာဏ်နဲ့ စိုက်မှတ်ကြည့်ရှုပွားများရမှာ ဖြစ်တယ်၊ ဒါန သီလ သမထ တို့က ပညတ်အာရုံတွေပဲဟာ ဝိပဿနာနဲ့ ဆွေမျိုးတော်စပ်ရုံလောက်ပဲ ဖြစ်တယ်၊ ဝိပဿနာဉာဏ်အစစ်က ပရမတ်အစစ် ရုပ် နာမ် ဖြစ်ပျက်ကို အာရုံပြုတာ၊ ကဲ....တော်လောက်ပြီ ကွဲရောပေါ့၊ ကံ ကံ၏အကျိုးကို ယုံကြည်စွာနဲ့ သဒ္ဓါဗိုလ်တပ်ပြီးတော့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်တာပဲလို့သာ မှတ်ပေတော့၊ ဝိပဿနာကုသိုလ်ကိုတော့ ပြောနေစရာ မလိုတော့ဘူးပဲ။
          ဒကာ။           ။ ကွဲပြားစွာ သိရှိပါပြီ ဆရာတော်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်နဲ့ ယှဉ်လှူရမှာကို သိပါပြီ။

No comments: