သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, January 2, 2011

မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား


မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား

          ဒကာ။           ။ မြတ်စွာဘုရားသခင်ဟာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အဦးထား၍ တာဝတိံသာနတ်ပြည်၌ ၀ါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူရာဝယ် အဘိဓမ္မာတရားတော် ပြီးဆုံးသွားတဲ့အခါ သန္တုသိတနတ်သားဟာ ရဟန္တာဖြစ်သွားပါသလား ဆရာတော်၊ နတ်ဗြဟ္မာတွေဘယ်လောက် ကျွတ်တမ်းဝင်ကုန်သလဲ။
          ဆရာ။           ။ အင်း...တရားမင်းဖြစ်တော်မူတဲ့ ဘုရားမြတ်ဟာ ၀ါဆိုလပြည့်နေ့ကစ၍ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူရာ ၀ါတွင်းသုံးလပြည့်မြောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ အဘိဓမ္မာတရားတော် ပြီးဆုံးသွားတယ်။ အဲဒီ အဘိဓမ္မာတရားသဘင်ကြီး၌ နတ်ဗြဟ္မာတွေ ကုဋေပေါင်း ရှစ်သောင်းမျှ သစ္စာလေးပါးကို ပိုင်းခြားသိမြင်လျက် အရိယာ သူတော်စင်တွေ ဖြစ်ကာ ကျွတ်တမ်းဝင်သွားကြတယ် တဲ့။
                             မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကတော့ အဘိဓမ္မာတရားဟောကြား၍ ပြီးဆုံးသောအခါ သောတာပတ္တိဖိုလ်၌တည်ကာ သောတာပန်ဖြစ်သွားတယ်လို့ ဗုဒ္ဓ၀င်ကျမ်းဂန်များမှာ လာရှိတာတွေ့ရတယ်၊ ရဟန္တာဖြစ်တယ်လို့တော့ မတွေ့ရဘူး ဒကာကြီးတို့ရ၊ တခြား အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများထံမှာလည်း မေးလျှောက်ကြဦးလေ၊ ဒီကတော့ ဒါလောက်ပဲ သိတယ်။
          ဒကာ။           ။ အချို့က မယ်တော်မိနတ်သားဟာ ရဟန္တာဖြစ်သွားတယ်၊ မြတ်စွာဘုရားက မယ်တော်ကို အဦးထားပြီးတော့ ကျေးဇူးဆပ်တဲ့ တရားတော်ဖြစ်လို့ စသည်ဖြင့် ငြင်းခုံကြလို့ပါ ဆရာတော်၊ ခုလိုသိရတော့ ရှင်းသွားပါပြီ၊ တခြား အဂ္ဂမဟာပဏ္ဍိတဆရာတော်များထံမှာလည်း သွားရောက်လျှောက်မေးစရာ မလိုတော့ပါဘူး ဘုရား။

No comments: