သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, December 4, 2010

ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား


ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား

          ဒကာ။           ။ ဒုက္ကရစရိယာ အကျင့်ဟာ ပဓာနအလုပ် မိစ္ဆာဒိဋ္ဌိ အကျင့်မဟုတ်ဘူးဆိုရင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်မှပဲ ဘုရားဖြစ်ရတော့မှာလား၊ ယင်းကို မကျင့်ရင် ဘုရားမဖြစ်ရတော့ဘူးလား ဆရာတော်၊ ရှင်းပြပါဦး။
          ဆရာ။           ။ အင်း…ဘုရားဖြစ်နိုင်ခွင့်ကတော့ ဒုက္ကရစရိယာနဲ့ နည်းနည်းပါးပါးလောက်ပဲ ဆိုင်တယ်လို့ ဆိုရမှာပဲ၊ ပါရမီ ဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီး ငါးပါး စရိယတရားတို့ ပြည့်ဝရင့်ကျက်မှုရှိမှသာ ဘုရားဖြစ်နိုင်တာပါ၊ (လိုရင်းကတော့ မဇ္ဈိမပဋိပတ်ပါပဲ။)
          ဒကာ။           ။ ဒုက္ကရစရိယာနဲ့ နည်းနည်းပါးပါးသာ ဆိုင်ရင် အလောင်းတော်မြတ်ဟာ ဘာကြောင့် ပင်ပန်းဆင်းရဲခံကာ ဒုက္ကရစရိယာကို ကျင့်တော်မူပါသလဲ ဆရာတော်။
          ဆရာ။           ။ ဒါကတော့ အကြောင်းအမျိုးမျိုးရှိတယ်၊ သဗ္ဗညုဘုရားအဖြစ်ကိုရယူရေး၌ မိမိ၏ ထက်သန်ကြီးထွားသော ၀ီရိယအားတော်ဟာ သာမန်လူသားတို့နှင့် မတူမတန်ပုံများကို ကမ္ဘာသူ ကမ္ဘာသားတို့ ထင်ထင်ရှားရှား သိထားနိုင်ကြစေရန် အကြောင်းလည်းပါတယ်။
ပါရမီဆယ်ပါးတို့တွင် အလောင်းတော်မြတ်၏ သူမတူ တမူစံထားထိုက်တဲ့ ၀ီရိယ ပါရမီတော်မြတ်၏ ကျေးဇူးဂုဏ်ရှိန်သည် နောင်တချိန် ဘုရားအဖြစ် ရတော်မူပြီးသောအခါ ပြန်ပြောင်း ဆင်ခြင်စဉ်းစားတော်မူလတ်သော် ကိုယ်တော်မြတ်၏ စိတ်အစဉ်ကို ကြည်ရွှင်ဝမ်းမြောက်စေလိမ့်မည်ဟု ဆင်ခြင်တော်မူမိသော အကြောင်းကြောင်း စသည်တို့ကြောင့်လည်း ဒုက္ကရစရိယာကို ပင်ပန်းစွာ ကျင့်တော်မူရကြောင်းနဲ့ အဋ္ဌကထာကျမ်းဆရာတို့က ဥပမာ အမျိုးမျိုးထုတ်ပြကာ ဖြေဆိုတော်မူထားကြတဲ့ ခိုင်လုံမှုများတွေလည်း များစွာပဲ ရှိပါတယ်။
ဒကာ။           ။ ဒကာကြီးတို့ စိတ်ဓာတ်ကျေနပ်မှုရအောင် အဋ္ဌကထာဆရာရဲ့ ဥပမာများထဲက နည်းနည်းလောက် ထုတ်ပြပါလား ဆရာတော်။
ဆရာ။           ။ အင်း…အဋ္ဌကထာဆရာပြတဲ့ ဥပမာများကတော့….၊ မည်သူနဲ့မှ စစ်မတိုက်ရဘဲ ထုံးထမ်းစဉ်လာအရ တိုင်းပြည်ကြီး စည်ထီးနဲ့တကွ အုပ်ချုပ်ကာ ဘုရင်မင်းကြီးလုပ်နေရပေမယ့် အဲဒီဘုရင်မင်းဟာ ရန်သူပုန် စစ်သည်တို့ကို တိုက်ခိုက်နှိမ်နင်း အောင်မြင်အောင် ပြုလုပ်ရတဲ့ ၀ီရိယ လုံ့လ ဘာမျှမရှိတဲ့အတွက် သူ့ဘ၀တာကို ပြန်တွေးကြည့်လိုက်ရင် ပေါ့ပျက်ပျက်, ဟာတာတာ ဘာမျှ အရသာမရှိ အချောင်ရလမ်းမို့ ၀မ်းမမြောက်နိုင်သလိုတဲ့။
စစ်သည်ဗိုလ်ပါ စုရုံးလျက် မိမိကိုယ်တိုင် ဦးစီးအုပ်ချုပ်ကွပ်ကဲကာ စစ်ပွဲတိုင်း၌ အကြိမ်များစွာအောင်နိုင်၍ ရန်သူပုန်မှန်သမျှကို ဆင်းရဲပင်ပန်းခံကာ ကြိုးစားနှိမ်နင်းပြီးမှ အေးချမ်းစွာ အောင်ပွဲခံကာ ဘုရင်မင်းကြီးအဖြစ်ကို ရယူခံစားသော မင်းဟာ ယင်းရဲ့ စစ်သည်ဗိုလ်ခြေပရိသတ်တွေကို ကြည့်၍ မိမိ၏ ကြိုးစားအားထုတ်ခဲ့ပုံ လုံ့လ၀ီရိယကို တဖန်ပြန်၍ အောက်မေ့သည်ရှိသော် ငါသည် ဤစစ်ပွဲ ဤစစ်ပွဲတို့၌ ဤမျှခဲယဉ်းစွာသော ရန်သူ, သူပုန်စစ်တပ်တို့ကို အောင်မြင်စွာ တိုက်ခိုက် သတ်ပုတ် ထိုးခုတ်ကာ ဆင်းရဲစွာဖြင့် နောက်မဆုတ်တမ်း ကြိုးပမ်းလျက် ရဲထွက်ကာ ယခုအခါ ဤမျှကြီးကျယ်သော မင်းစည်းစိမ်ကို ရလာပေစွတကား-ဟု တွေးတိုင်းတွေးတိုင်း ၀မ်းသာ ရွှင်ပြုံးလို့ မဆုံးနိုင်သလိုတဲ့။
ထို့အတူ မြတ်စွာဘုရားဟာလည်း ကမ္ဘာသူ, ကမ္ဘာသား အပေါင်းတို့အား မိမိ၏ စံမတူနိုင်သော လုံ့လ၀ီရိယကို သိစေလိုသောကြောင့်တကြောင်း၊ ၀ီရိယ၏တန်ဖိုး ဂုဏ်ကို နောင်ဘုရားဖြစ်သောအခါ ပြန်လည်စဉ်းစားမိတိုင်း ကိုယ်တော်မြတ်၏ စိတ်နှလုံးရွှင်ပြုံးဝမ်းမြောက် စေတော်မူမည်ဟု ဆင်ခြင်သုံးသပ်မိသောကြောင့်လည်းကောင်း၊ ဒုက္ကရစရိယာကို အပင်ပန်းခံကာ ကျင့်တော်မူရှာသည်တဲ့။
နောက်တချက် ဥပမာက နိဗ္ဗာန်, မဂ် , ဖိုလ်ရရန် ကျင့်ကြံအားထုတ်ကြကုန်သော သာဝကအပေါင်းတို့ နည်းယူရန်အတွက် ငါတို့ဆရာမြတ်စွာဘုရားသော်မှ သို့ကလောက် ခက်ခဲ ပင်ပန်းဆင်းရဲစွာ ကျင့်မှ ရတော်မူတဲ့ မဂ်, ဖိုလ်တရားကို ငါတို့လည်း ဆင်းရဲပင်ပန်းခံကာ ဤမဂ်, ဖိုလ်ရကြောင်း အကျင့်ကောင်း(ပဓာနကိစ္စကို) ကြိုးစားအားထုတ်ကြရမည် ဟူသော ဝေဖန်ဉာဏ် ရနိုင်ရေးအတွက် ဒုက္ကရစရိယာကို ကျင့်တော်မူတာ ဖြစ်တယ်လို့ အဋ္ဌကထာ ဆရာများက ဖွင့်ဆို မိန့်ဟတော်မူကြတယ်၊ ကဲ…ကျေနပ်ကြရဲ့လား။

No comments: