သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, December 9, 2010

အရိယာများဟာ လောကီဈာန်အတွက် သမထတရားပွားများသေးသလား


အရိယာများဟာ လောကီဈာန်အတွက် သမထတရားပွားများသေးသလား

ဒကာ။           ။ အရိယာပုဂ္ဂိုလ်များဟာ လောကီဈာန် အဘိညာဉ် ရယူရေးအတွက် သမထ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ကြသေးသလားဆရာတော်။
ဆရာ။           ။ ဈာန် အဘိညာဉ်ဆိုတာက သမထနဲ့ ပြီးစေတဲ့ သမထသိဒ္ဓဈာန်အဘိညာဉ် က တမျိုး၊ မဂ်နဲ့ ပြီးစေတဲ့ မဂ္ဂသိဒ္ဓဈာန်အဘိညာဉ်က တမျိုး၊ ပေါင်းနှစ်မျိုးရှိတယ် ဒကာကြီးတို့ရ။
          ဈာန်အဘိညာဉ်နဲ့ စပ်တဲ့ အရိယာပုဂ္ဂိုလ်ကလည်း နှစ်မျိုးရှိတယ်။
(၁)     သုက္ခ၀ိပဿကအရိယာ၊ ဈာန်တရား လုံးဝမရသော အရိယာမျိုး၊ သောတာပန်မှ ရဟန္တာအထိ၊
(၂)     ဈာနလာဘီ အရိယာ၊ ဈာန်အဘိညာဉ်ရရှိသော အရိယာမျိုး၊ သောတာပန်မှ ရဟန္တာအထိ။
          ယင်းနှစ်မျိုးတို့တွင် အချို့သော အရိယာပုဂ္ဂိုလ်တို့မှာ အရိယာပုဂ္ဂိုလ်ဖြစ်ပြီးမှ လောကီဈာန် အဘိညာဉ်ကို မရသေး၍ သမထကမ္မဋ္ဌာန်းကို ပွားများအားထုတ်လျက် လောကီဈာန် သမာပတ် အဘိညာဉ်ကိုရရှိသွားကြတယ်တဲ့၊ အဲဒီ ဈာန် အဘိညာဉ် ကိုတော့ သမထသိဒ္ဓဈာန် သမထသိဒ္ဓအဘိညာဉ်လို့ခေါ်တယ်။ 
          အချို့ကျတော့လည်း ပုထုဇဉ် ဘ၀ကတည်းက ဈာန်အဘိညာဉ်တွေကို ရရှိပြီးဖြစ်၍ အရိယာဖြစ်သောအခါ သမထကို အထူးအသစ် စီးဖြန်းစရာ မလိုတော့ဘဲ ပုထုဇဉ်အခိုက်က ရပြီးတိုင်းသော လောကီဈာန်အဘိညာဉ်တို့ကို လိုသလိုပဲ သုံးဆောင်နိုင်ကြတယ်တဲ့။
          အချို့အရိယာများမှာတော့ ပုထုဇဉ် အခိုက်တုန်းကလည်း လောကီဈာန် သမာပတ် အဘိညာဉ်တို့ကို မရကြသေးဘဲ အရိယာမဂ်, ဖိုလ်သို့ ရရောက်သည်နဲ့ တပြိုင်နက် လောကီဈာန် သမာပတ် အဘိညာဉ်တို့ဟာ ထိုအရိယာ မဂ်, ဖိုလ်နဲ့ အတူတူ ဆိုသလို ရရောက်ပြီးသား ဖြစ်သွားကာ မိမိလိုသလို သုံးဆောင်ဝင်စားနိုင်ကြတယ်၊ အဲဒီ ဈာန် သမာပတ် အဘိညာဉ်မျိုးကိုတော့ မဂ္ဂ သိဒ္ဓဈာန်, မဂ္ဂသိဒ္ဓ အဘိညာဉ်မျိုးလို့ ခေါ်ဆိုတယ်။
          အဲဒါ့ကြောင့်  လောကီဈာန် အဘိညာဉ် မရသေးတဲ့ အရိယာများဟာ ယင်းတို့ကို ရယူရေးအတွက် ကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများကြသေးတယ်လို့ မှတ်ယူရမှာပေါ့၊ ဒါ့ထက်ပိုပြီးဖြေစရာ မရှိတော့ဘူး၊ ဒါအပြည့်အစုံပဲ။
ဒကာ။           ။ ဒီလို သိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ မှတ်သားစရာအမျိုးမျိုးတွေကို ဒကာကြီးတို့ ရတာပေါ့။

No comments: