သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, December 27, 2010

ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀ လား, ၆၄ ဂါထာလား


ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀ လား, ၆၄ ဂါထာလား

          ဒကာ။           ။ ဆရာတော်မိန့်ကြားတဲ့ စကားထဲမှာ မြတ်စွာဘုရား တိုင်းတော်ပြည်တော်သို့ ပြန်ကြွတော်မူရေးအတွက် ကာဠုဒါယီမထေရ်မြတ်က လမ်းပန်း အဆက်အသွယ် ရာသီဥတု ဆောင်းနှောင်းနွေဦး ကြည်နူးသာယာသော တောတောင် သစ်ပင် ပန်းမန်တို့ဖြင့် စီကုံးဖွဲ့နွဲ့ကာ ၆၄ ဂါထာတို့နဲ့ တင်လျှောက်ကြောင်း မိန့်ကြား သွားပါတယ်။
                   ဒကာကြီးတို့ကြားဖူးတာကတော့ မြတ်စွာဘုရားသခင် နေပြည်တော်သို့ ပြန်ကြွကာ ဆွေတော်မျိုးတော်တို့၏ ဖူးမြော်ပူဇော်ခံယူချီးမြှောက်ရေးအတွက် ကာဠုဒါယီထေရ်က ဂါထာ ၆၀ တို့ဖြင့် ဖွဲ့စီတင်လျှောက်ကြောင်း ကြားသိရဖူးပါတယ်၊ ယင်းကိုပင် ကဗျာဆရာတို့က ဂါထာ ၆၀ ပျို့ဟု သီကုံးကြပါတယ်၊ ဒါ့ကြောင့် ဂါထာ ၆၀ နဲ့ ၆၄ ဂါထာ ဘယ်ကမှန်ပါသလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
          ဆရာ။           ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဖွားဖက်တော် အရှင် ကာဠုဒါယီမထေရ်မြတ် လျှောက်ထားသွားတဲ့ ဂါထာပေါင်းဟာ ၆၄ ဂါထာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အဋ္ဌကထာနဲ့ ဋီကာ ဆရာတော်တို့က
                             အပ္ပကံ ဟိ ဦနံ အဓိကံ ၀ါ ဂဏနုပဂံ န ဟောတိ။
                             အနည်းငယ်မျှ လိုသောနေရာ ပိုသောနေရာ အတွက်လောက်နဲ့တော့ အရေအတွက်ထဲ ထည့်ပြောနေစရာ မလိုပါဘူး တဲ့။
                   အဲဒီ အဋ္ဌသာလီ မူလဋီကာ ကျမ်းဆရာကြီးများ၏ မိန့်ကြားချက်အရ ဂါထာ ၆၀, ဂါထာ ၆၀ နဲ့ ထိုထို ကျမ်းတကာတို့၌ ရေးသားခေါ်ဝေါ် သုံးစွဲနေကြတယ် လို့သာ မှတ်ပေတော့၊ ရှိရင်းကတော့ ခြောက်ဆယ့်လေးဂါထာပဲ၊ ကဲ…သဘောကျရဲ့လား။
          ဒကာ။           ။ သဘောကျ ကျေနပ် နှစ်သက်လှပါတယ် ဆရာတော်၊  သာသနာတော် ကျမ်းစာများမှာ ဂဏန်းသင်္ချာနဲ့ ရေတွက်ပြောဆိုရာတို့၌ ဒီလို အပိုအလိုတွေကို နုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်ခေါ်ဆိုထားတဲ့ အခြားနေရာများကော ရှိပါသေးသလား ဆရာတော်၊ ရှိရင် ပြောပြပါဦး ဘုရား။
          ဆရာ။           ။ အခြားနေရာများလည်း ရှိပါသေးတယ်၊ ဒီက သတိရ သလောက်ဆိုရင်၊ ငါးရာ့ငါးဆယ်ဇာတ်တော် ခေါ်ဆိုတဲ့နေရာမှာ အမှန်က ငါးရာလေးဆယ့်ခုနစ်ဇာတ်ပဲရှိတယ်၊ ဒါပေမဲ့ သုံးဇာတ်ကိုဖြည့်ပြီးတော့ ၅၅၀ လို့ပဲ ခေါ်ဆိုနေကြတယ်။ 
                   နောက် မြတ်စွာဘုရားဖြစ်တော်စဉ်နေ့နဲ့စပ်ပြီး သိမှတ်စရာ ဆောင်ပုဒ် လင်္ကာရေးထားတဲ့ နေရာမှာ ခုနစ်နေ့ အတွက်ကို-
                             [ မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး]
လို့ အက္ခရာ ၇ လုံးနဲ့ ရေးစပ်ထားကြတယ်၊ ဆိုလိုရင်း အဓိပ္ပာယ်က (မ) ကြာသပတေးနေ့ - ပဋိသန္ဓေ နေတယ်၊ (သိ) သောကြာနေ့ - ဖွားမြင်တယ်၊ (ကြ) တနင်္လာနေ့ - တောထွက်တယ်၊ (လျှင်) ဗုဒ္ဓဟူးနေ့- ဘုရားဖြစ်တော်မူတယ်၊ (တွေး) စနေနေ့- တရားဦးဟောတယ်၊ (ဆ) အင်္ဂါနေ့- ပရိနိဗ္ဗာန်စံတယ်၊ (ဦး) တနင်္ဂနွေနေ့ မှာ မြတ်ဗုဒ္ဓ၏ ရုပ်ကလာပ်တော်မြတ်ကို (တေဇောဓာတ်လောင်) မီးသင်္ဂြိုဟ်တော်မူတယ် တဲ့။
                   ပါဠိ အဋ္ဌကထာတို့ဆိုတာက မြတ်စွာဘုရားအလောင်းတော်ဓာတ်ကို သတ္တာဟ ၇ ရက် နှစ်ပတ်သာ ထားတော်မူတယ်လို့ ဆိုတယ်၊ အမှန်က အင်္ဂါနေ့ ပရိနိဗ္ဗာန်စံတယ်၊ တနင်္ဂနွေနေ့မှာ မီးသင်္ဂြိုဟ်တယ် ဆိုရင် အင်္ဂါနေ့က တနင်္ဂနွေနေ့ အထိ ရေတွက်ရင် ၁၃ ရက်ပဲ ရတယ်၊ ၁၄ ရက် မပြည့်ဘူး၊ သို့ပေမယ့် အများသုံးစွဲ ခေါ်ဝေါ်ရေးမှတ်နေကြတာတော့ သတ္တာဟ နှစ်ပတ် ၁၄ ရက်ပဲလို့ သုံးစွဲရေးမှတ်နေကြတယ်၊ အဲဒါမျိုးကျတော့ လိုနေတဲ့ သင်္ချာအရေအတွက်ကို ဖြည့်စွက် ခေါ်ဝေါ်နေကြတယ်လို့ မှတ်ပေါ့၊ ကဲ…ဒါလောက်ဆိုရင် သဘောပေါက်ကြရောပေါ့။
          ဒကာ။           ။ သဘောပေါက် ကျေနပ်ကြပါပြီ ဆရာတော်၊ အတုမရှိတဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အလောင်းတော် ရုပ်ဓာတ်သော်မှ နှစ်ပတ်သာ ထားတယ်၊ ခုခေတ် ဘုန်းကြီးပျံတွေဖြင့် ကိုးလ, ဆယ်လ ထားကြတာပဲနော်။

No comments: