သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, December 29, 2010

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ၊ သာသနာဖျက်တို့ စကားကို မယုံနဲ့


မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ

          ဒကာ။           ။ မြတ်ဗုဒ္ဓသာသနာတော်မှာ မိထွေးတော် မဟာပဇာပတိဂေါတမီဟာ အမျိုးသမီးထဲက ရှေးဦးစွာ ရဟန်းမ , ဖြစ်တယ်လို့ကြားသိရပါတယ်၊ မိထွေးတော်ဂေါတမီကို ဘယ်သူက ဆရာဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးပါသလဲ ဆရာတော်။
          ဆရာ။           ။ မိထွေးတော် မဟာပဇာပတိ ဂေါတမီကို ဘယ်သူမှ ရဟန်းခံ မပေးရဘူး၊ သူ ရဟန်းမ, ဖြစ်လာပုံက အတော်ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတယ်။
                             မိထွေးတော် မဟာပဇာပတိ ဂေါတမီဟာ သူ့ဖာသာသူ ဆတ္တာသည်နဲ့ ဆံချလျက် ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ကာ သူ့ဟာသူ ရဟန်းပြုပြီးမှ မဟာဝုန်တောကြီး၌ ရဟန္တာဖြစ်သွားကြကုန်သော သာကီဝင် မင်းသားငါးရာတို့၏ ဇနီးမယား(တခုလပ်) သာကီဝင်မင်းသမီး ငါးရာတို့နဲ့အတူ မြတ်စွာဘုရားထံ သုံးကြိမ်သုံးခါတိုင်အောင် ရဟန်းမ, ပြုလုပ်ရန် ခွင့်တောင်းပါသော်လည်း သုံးကြိမ်တိုင်အောင် မြတ်စွာဘုရားသခင်က ပယ်ချလိုက်တယ်၊ လက်မခံဘူး၊ ပြုခွင့် မပေးဘူး၊ ခု- ဆရာတော် ဖြေကြားတဲ့ စကားရပ်ဟာ အကျဉ်းသိနိုင်ရုံမျှသာဖြစ်တယ်၊ အပြည့်အစုံဟု မမှတ်ရဘူးနော်။
                             သည့်နောက် တဖန် အရှင်အာနန္ဒာထေရ်မှ တဆင့် ကပ်ပြီးတော့ လျှောက်ထား တောင်းခံပြန်တဲ့အခါမှာလည်း ထို့အတူ ("မသင့်လျော်ဘူး အာနန္ဒာ သင်ညီဖွားသည် မာတုဂါမ မင်းမိန်းမများ၏ ဤဓမ္မ၀ိနယသာသနာ၌ ရှင်ပြုခွင့်ရခြင်း, ရဟန်း ပြုခွင့်ရခြင်းကို မနှစ်သက်ပါလင့်ဟု") သုံးကြိမ်တိုင်တိုင် ပယ်ချလိုက်တယ်၊ သို့ပေမယ့် ညီတော် အာနန္ဒာက စိတ်အား မလျော့ဘူး။
                             "အရှင်ဘုရား၊ မာတုဂါမ မင်းမိန်းမများ သာသနာတော်၌ ရဟန်းပြုခဲ့သော် သူတို့ဟာ မဂ်ဖိုလ်မရနိုင်, မရကောင်းလို့လားဘုရား၊ ထိုရဟန်းမ, များသည် မဂ်ဖိုလ်နဲ့ မထိုက်တန်လို့ပါလားဘုရား" ဟုမေးလျှောက်ပြန်တယ်။
                             "ချစ်သားအာနန္ဒာ၊ မာတုဂါမ မင်းမိန်းမ, များဟာ ငါဘုရားသာသနာတော်၌ ရဟန်းမ, များအဖြစ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိခံစားနိုင်ရန် ထိုက်တန်ကြပေတယ်" ဟု မိန့်ကြားတော်မူလိုက်တယ်။
                             "ဘုန်းကြီးသော မြတ်စွာဘုရား ယင်းသို့ ထိုက်တန်ကြပါမူ မဟာပဇာပတိဂေါတမီသည် ရှင်တော်ဘုရားအပေါ်၌ မိခင်အလား ကျေးဇူးများသူ ဖြစ်ပါ၍ မာတုဂါမ မင်းမိန်းမ, များကို ရဟန်းပြုခွင့် ပေးသနားတော်မူပါ ဘုရား" ဟု ညီတော် အာနန္ဒာ အကြိမ်ကြိမ် လျှောက်ထားမှုကြောင့်သာ မြတ်စွာဘုရားသခင်က
                   "ချစ်သား အာနန္ဒာ၊ မိထွေးတော် မဟာပဇာပတိဂေါတမီသည် ရှစ်ပါးသော ဂရုဓံတရားကို လိုက်နာခံယူ ကျင့်ကြံနိုင်ခဲ့လျှင် လိုက်နာခံယူ ကျင့်သုံးတဲ့ကာလမှ စပြီးတော့ မိထွေးတော်ဂေါတမီ၏အဖို့မှာ ရှင်၏အဖြစ်, ရဟန်းမ, ၏ အဖြစ် ရရှိပြီး ဖြစ်စေရမည်" ဟုမိန့်ကြားခွင့်ပြုတော်မူလိုက်တယ်။
                    ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဂရုဓမ္မ တရားရှစ်ပါးကို သင်ကြားကာ မဟာပဇာပတိဂေါတမီထံ တဖန်ပြန်ကြွကာ " မိထွေးတော်၊ အကယ်၍ မိထွေးတော်ဟာ ဤဂရုဓမ္မတရားရှစ်ပါးကို ဦးထိပ်ထားကာ ရိုသေလေးမြတ် ပူဇော်လတ်၍ အသက်ထက်ဆုံး မကျူးလွန်ဘဲ ကျင့်သုံးဆောက်တည်သွားနိုင်ပါမူ မိထွေးတော်အတွက် ရှင်အဖြစ်ရော၊ ရဟန်းမ, အဖြစ်ပါ ပြီးပြည့်စုံစွာ ဖြစ်နိုင်ပါလိမ့်မည်" ဟု မြတ်စွာဘုရား မိန့်ကြားခွင့်ပြုတော်မူလိုက်ကြောင်းနဲ့ ပြောကြားကာ မိထွေးတော်ကြီးအား ရှစ်ပါးသော ဂရုဓံတရားကို ဟောကြားသင်ပြပေးသောအခါ မိထွေးတော် ဂေါတမီသည် အတိုင်းမသိ ၀မ်းမြောက်ရိုသေစွာဖြင့် " တပည့်တော်မသည် ဤရှစ်ပါးသော ဂရုဓမ္မ တရားမြတ်ကို အသက်ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်ကြံ အားထုတ်ပါ၏ ဘုရား"ဟု လျှောက်ကြားလေသည်တဲ့။
                    ညီတော်အာနန္ဒာသည် မြတ်စွာဘုရားထံ သွားရောက်ကာ ရိုသေစွာရှိခိုးလျက် "ဓမ္မရာဇာဖြစ်တော်မူသော မြတ်စွာဘုရား၊ မိထွေးတော် မဟာပဇာပတိဂေါတမီ သည် ဂရုဓံတရား ရှစ်ပါးကို မိမိအတွက် အသက်ထက်ဆုံး ရိုသေစွာ လိုက်နာခံယူ ကျင့်သုံးရမည့် မလွန်ကျူးအပ်သည့် ကျင့်ဝတ်တရား ဟူ၍ ၀မ်းမြောက် ၀မ်းသာစွာ ခံယူ ကျင့်သုံးပါပြီ" ဟူ၍ လျှောက်ကြား လေသည်။
                   မှတ်ချက်။       ။ ဤ၌ ဂရုဓံတရားရှစ်ပါးကို ရိုသေလေးမြတ်စွာ ခံယူ ကျင့်သုံးတဲ့ အချိန်ကစပြီး မိထွေးတော်ကြီးအတွက် ရှင်, ရဟန်းခံယူခြင်းကိစ္စ ပြီးသွားပြီ၊ ဘိက္ခုနီမ ဖြစ်သွားပြီ လို့ မှတ်ယူရမည်။


သာသနာဖျက်တို့ စကားကို မယုံနဲ့

                    သိမ်ထဲဝင်ပြီးတော့ ကမ္မ၀ါ ရွတ်ဖတ်ရန်တွေ  ဆရာဥပဇ္ဈာယ်ယူစရာတွေ မလိုတော့ချေတဲ့၊ ဒါက မြတ်စွာဘုရားအပေါ်မှာ ကျေးဇူးများလှတဲ့ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီအတွက်သာ ဖြစ်တယ်၊ အဲဒီလို ပဉ္စင်းခံခြင်းမျိုးကို " အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏ ဥပသမ္ပဒါ" မျိုးဟုခေါ်တယ်၊ ယင်းမှ နောက်ပိုင်း ဘိက္ခုနီမများကိုတော့ ရဟန်းယောက်ျားများက သိမ်ထဲ၌ ကမ္မ၀ါဖတ်ပြီးတော့ ရဟန်းပြုပေးကြရတာချည်းပဲ ဖြစ်တယ်၊ ကဲ...တော်လောက်ပြီ၊ နားလည်ရောပေါ့၊ ဂရုဓံတရား ရှစ်ပါးကို ဆရာတော် ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓာန်ကျမ်း၌ ကြည့်ပေတော့။
                    အေး....သာသနာဖျက်သမားတွေက သည်ပြဿနာမှာ ဘုရားရှင် ခွင့်မပြုတာကို အာနန္ဒာ အတင်းလုပ်တာ ဘာညာနဲ့ ပြောကြသေးတယ်၊ သူတို့စကား မယုံကြနဲ့။
                    ဒကာ။           ။ သာသနာတော် ကြည်ညိုလေးစားရေးအတွက် ခုလို ရှင်းလင်းဖြေကြားတာကိုပဲ ၀မ်းမြောက်လှပါတယ်ဆရာတော်၊ သာသနာဖျက်လိုသူတွေကတော့ အဘိဓမ္မာ ဘုရားဟော မဟုတ်ဘူး၊ နတ်ပြည်ခြောက်ထပ်ဆိုတာလည်း မရှိဘူး၊ ဘာညာနဲ့ သူများ နားယောင်အောင် လိုက်ဖျက်နေကြတာပဲ။

No comments: