သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, December 25, 2010

ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော


ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော

          ဒကာ။           ။ ပစ္စေကဗုဒ္ဓါတို့သည် သစ္စာလေးပါးကို မိမိဘာသာ ဆရာမရှိဘဲ ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်စွမ်းရှိပါသော်လည်း သူတပါးအား ဟောပြခြင်းငှာ မစွမ်းနိုင်တဲ့ အကြောင်း ဆရာတော် ပြောပြပေးလို့ သိရပါပြီ။
          အကယ်၍ ရဟန်းပြုပေးလိုသော အမျိုးကောင်းသားများ ရှိခဲ့သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က ရဟန်းပြုပေးနိုင်ပါသလား ဘုရား၊ ပိဋကတ်တော်မှာ ညွှန်ကြားချက်များ တွေ့ဖူးပါသလား ဆရာတော်။
          ဆရာ။           ။ အင်း....ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့က ရဟန်းပြုပေးတဲ့ အကြောင်းကို ပိဋကတ်တော်မှာ လာရှိတာ တွေ့ဖူးပါတယ်၊ ဇာတ်ကွက် ဇာတ်သွားကတော့ သင်္ခပုဏ္ဏားကြီး သားအဖ၏ ၀တ္ထုကြောင်းပဲ။
                             ရှေးသရောအခါ တက္ကသိုလ်ပြည်ကြီးမှာ သင်္ခအမည်ရှိသော သူကြွယ်ပုဏ္ဏားကြီးတယောက်၌ သုသိမ ခေါ်တဲ့ တစ်ဆယ့်ခြောက်နှစ်   အရွယ်မြောက်သော သား တယောက်ရှိတယ်တဲ့။
                             သုသိမသည် ဖခင်ကြီးထံ ဗာရာဏသီပြည်၌ ဤမည်သော ပါမောက္ခကြီးထံ ပညာများ သွားရောက်ကာ သင်ကြားဖို့အရေး      အခွင့်ပေးပါရန်          တောင်းပန်တယ်တဲ့။
                             ဖခင် သင်္ခပုဏ္ဏားကြီးကလည်း ၀မ်းသာစွာဖြင့် အင်း...ပါမောက္ခဆရာကြီးဟာ ငါ၏သူငယ်ချင်းပဲ၊ သားတော် သွားရောက်          သင်ကြားနိုင်ပါတယ်၊ ပါမောက္ခဆရာကြီးထံရောက်ရင် တက္ကသိုလ်ပြည် သင်္ခပုဏ္ဏားကြီးရဲ့ သားအရင်းပါလို့ ပြောကြားလေဟု ငွေတစ်ထောင်ပေးကာ      သုသိမကို စေလွှတ်လိုက်တယ်တဲ့။
                             သုသိမဟာ မိဘနှစ်ပါးကို ရိုသေစွာ ရှိခိုးဦးချပြီး တက္ကသိုလ်ပြည်မှ ထွက်လာလိုက်တာ ဗာရာဏသီပြည်ရောက်တော့ တပည့်ကောင်းတို့       ကျင့်သုံးလိုက်နာ ၀တ်ပြုရမည့် စည်းကမ်းဥပဒေသအတိုင်း ပါမောက္ခဆရာကြီးထံ ၀င်ရောက်ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးလျက်     မိမိသည်        တက္ကသိုလ်ပြည် သင်္ခပုဏ္ဏားကြီး၏ သား ဖြစ်ကြောင်း စတဲ့ သတင်းစကားများကို ရိုသေစွာ အပြည့်အစုံ တင်ပြပြောကြား လိုက်တဲ့အခါ           ပါမောက္ခကြီးကလည်း အင်း..မင်းဟာ ငါ့သူငယ်ချင်းရဲ့သားပဲ ဟု သုသိမလုလင်ကို ဧည့်ဝတ် အပြည့်အစုံပေးကာ လက်ခံလိုက်တယ်တဲ့။
                             အဲဒါနဲ့ သုသိမလည်း ခရီးပန်းမှုကို ပယ်ဖျောက် ငြိမ်းအေးစေကာ ပါလာသော ငွေတစ်ထောင်ကို ပါမောက္ခဆရာကြီး၏ ခြေရင်းမှာ        ချထားပြီး အတတ်ပညာများ သင်ကြားခွင့် တောင်းခံတဲ့အခါ ဆရာကြီးက ခွင့်ပြုလျက် အတတ်ပညာစုံ သင်ကြားပေးတယ်တဲ့။
                             သုသိမ လုလင်ဟာ ပါရမီရှင်ပီပီ များပြားသော အတတ်ပညာတို့ကို ကြိုးစားကာ သင်ယူလျက် မပျောက်ပျက် မမေ့မလျော့စေဘဲ       သူတပါးတို့ တဆယ့် နှစ်နှစ်ကြာမျှ သင်ကြားရသော အတတ်ပညာ မျိုးစုံကို နှစ်လကျော် သုံးလတည်းနဲ့ တတ်အောင် သင်ယူလိုက်တယ် တဲ့။
                             သည့်နောက် သင်ယူပြီးသား ဝေဒကျမ်း(ဗေဒင်ကျမ်း) များကို ရွတ်အံ သရဇ္ဈာယ်ရင်း စဉ်းစားဝေဖန်သောအခါ အစနဲ့ အလယ်ကိုသာ          တွေ့မြင်ရ၍ အဆုံးကိုကား မတွေ့မြင်ဘဲသာ ဖြစ်နေတော့၏ တဲ့။
                             ယင်းကို မကျေနပ်သော သုသိမက အို...ဆရာကြီး ဝေဒကျမ်းညွှန်းပညာဟာ အစနဲ့အလယ်ကိုသာတွေ့ရပြီး အဆုံးကို          မတွေ့ဖြစ်နေပါတယ် ဟုမေးမြန်းရာ၊ ဆရာကြီးက အေး....ဆရာလည်း တပည့်ကဲ့သို့ပင် အဆုံးကို မတွေ့မြင်ရချေဟု ပြောကြားတယ်တဲ့။
                             သုသိမက ဆရာကြီး ထိုသို့ဖြစ်လျှင် အဆုံးကို သိသော သူများထံ တပည့်အား ညွှန်ကြားပေးပါလောဟု ပြောကြားသောအခါ၊ ဆရာကြီးက တပည့် သုသိမ၊ ဣသိ ပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေထိုင်ကြသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့တော့ ဤအတတ်ပညာ၏        အဆုံးကို           သိကောင်းနိုင်ကြရာ၏ ဟု ပြောကြားသောအခါ၊ သုသိမလုလင်သည် ဆရာကြီး။ သို့တပြီးကား ယင်းပစ္စေကဗုဒ္ဓါတို့ထံ အကျွန်ုပ်ကို      သွားခွင့်ပြုပါဟု          ခွင့်တောင်းပြီး သွားတော့၏ တဲ့။
                             သုသိမလုလင် ပါရမီရှင်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုးချဉ်းကပ်လျက် အရှင်မြတ်တို့သည်         "အစ, အလယ်, အဆုံး ကို သိတော်မူကြကုန်သလော" ဟု မေးလျှောက်သောအခါ " အိမ်း...သိပါကုန်၏ သုသိမ..." ဟုမိန့်ကြားတော်မူကြ၍၊       အဆုံးကို သိနိုင်တဲ့ အဲဒီအတတ်ပညာကို တပည့်တော်ကို သင်ကြားပေးတော်မူကြပါ ဘုရား ဟု လျှောက်ထားတယ်တဲ့။    
                             ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က " ဒါယကာ သုသိမ၊ ရဟန်းများသာ ဤအတတ်ပညာကို သင်ယူနိုင်ကောင်းသည်၊ သင်သည်     ရဟန်းပြုလော့" ဟု မိန့်ဆိုကြတယ် တဲ့။
                             သုသိမသည် ယင်းအတတ်ပညာကို လွန်စွာလိုလားနေရကား " ကောင်းပါပြီ၊ အရှင်ဘုရားတို့ အလိုရှိသလို ပြုတော်မူကြပြီးလျှင်       ထိုပညာ၏ အဆုံးကိုသာ သင်ကြားပေးတော်မူကြပါ " ဟု မိမိကိုယ်ကို အပ်နှင်းလိုက်တယ်တဲ့။
                             ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် သုသိမလုလင်ကို ရဟန်းပြုပေးပြီးလျှင် (ကမ္မဋ္ဌာန်းတရားကိုကား ဟောကြားပြသပေးတတ်သော          ဓမ္မတာ မဟုတ်သောကြောင့်) " သင် သည် သင်းပိုင်ကို သည်လို အ၀န်းညီစွာဝတ်၊ အပေါ်ရုံကို သည်လိုတင်" စသည့် အဘိသမာစာရိက   သီလမျှကိုသာ သင်ကြားညွှန်ပြပေးကြတယ် တဲ့။
                             ဤသို့လျှင် ရဟန်းသစ် သုသိမသည် ပစ္စေကဗုဒ္ဓါအရှင်တို့ သင်ကြားပြသ ပေးသည့် ၀တ်ပုံ, စားပုံ ,နေထိုင်ပုံ, စသည့်      အဘိသမာစာရိကသီလကို ရိုသေစွာ လိုက်နာပြုကျင့်ကာနေစဉ် ပစ္စေကဗောဓိဉာဏ်ကို ရနိုင်သည့် ပါရမီကံနှင့် ပြည့်စုံသူဖြစ်၍ မကြာမြင့်မီပင်      ပစ္စေကဗောဓိဉာဏ်ကို ရရှိကာ ဗာရာဏသီတပြည်လုံး ကျော်ကြားလျက် လာဘ်လာဘ အခြံအရံတပည့် ဒကာတွေ ပေါများ၍ အလွန်အမင်း      ကျော်ကြားထင်ရှားသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတပါး ဖြစ်သွားလေတော့ သတည်းတဲ့။
ကဲ...အဲဒါဟာ ပစ္စေကဗုဒ္ဓါအရှင်မြတ်များက ရဟန်းပြုပေးလိုက်တဲ့ သုသိမ ရဟန်းဖြစ်ပုံအကြောင်းပါပဲ။
          ဒကာ။           ။ ၀တ္ထုကြောင်းနဲ့အတူ ထင်ရှားစွာ ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ် ဆရာတော်၊ ဒကာကြီးတို့ ဗဟုသုတတွေ တိုးလိုက်တာဘုရား။

No comments: