သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, December 5, 2010

ဒုက္ကရစရိယာကို ဘယ်ကာလမှာစွန့်၍ ဘုရားဖြစ်ရန် ဘယ်တရားက စတင် ကျင့်ကြံ အားထုတ်ပါသလဲ။ အာနာပါန၏တန်ခိုးတော်။


ဒုက္ကရစရိယာကို ဘယ်ကာလမှာစွန့်၍ ဘုရားဖြစ်ရန် ဘယ်တရားက
စတင် ကျင့်ကြံ အားထုတ်ပါသလဲ

ဒကာ။           ။ အလောင်းတော်မြတ်ဟာ ဒုက္ကရစရိယာ၏ ဆင်းရဲဒုက္ခကို ဘယ်ကာလကျမှ စွန့်လွှတ်ပြီး ဘုရားဖြစ်ရန်နဲ့ သဗ္ဗညုတဉာဏ် ရရေးအတွက် ဘယ်တရားက စ, တင် ကျင့်ကြံ အားထုတ်ပါသလဲ ဆရာတော်။
ဆရာ။           ။ သည်အဖြေဟာ မလွယ်လှဘူး၊ ဗုဒ္ဓ၀င်ကျမ်းနဲ့ ညှိနှိုင်းမှန်းဆ ဖြေရမှာ ဖြစ်တယ်၊ အလောင်းမြတ်သိဒ္ဓတ္ထရဟန်းသည် ဒုက္ကရစရိယာအကျင့်စခန်းကို ခြောက်နှစ်မြောက် ကဆုန်လပြည့်နေ့အရောက်မှာ လုံးဝစွန့်လွှတ်တော်မူကာ သုဇာတာ သူဌေးကတော်ကြီး သားရတနာရ၍ ဆုတောင်းပြည့် ကျေးဇူးတင်သော သဘောဖြင့် နှစ်စဉ် ညောင်စောင့်နတ်အား ယင်းလပြည့်နေ့တိုင်း၌ ပေးလှူပူဇော်နေကျဖြစ်သော ဗလိနတ်စာနို့ဃနာကို ရွှေခွက်ပါ ခံယူသုံးဆောင်တော်မူလေသည် တဲ့၊ အဲဒါကို တနည်းမှတ်ယူပေါ့။
နောက် ဆရာအချို့ ယူပုံကတော့ အလောင်းတော် သိဒ္ဓတ် ရဟန်းမြတ်သည် တန်ခူးလဆန်းလောက်က စတင်၍ ဒုက္ကရစရိယာ အကျင့်ကို စွန့်ခွာလျက် အာဟာရဓာတ်ဖက်က တိုးတက်ကာ ဉာဏ်ပွင့်လာနိုင်စေရန် ထမင်း မုန့် စသည့် ရသမျှသော အစာအာဟာရ ဆွမ်းတို့ကို ဘုဉ်းပေးသုံးဆောင်တော်မူကာ ခန္ဓာကိုယ်ကို ယာပန ပြုတော်မူသည်တဲ့။
အဲဒီအပြုအမူကို မနှစ်သက်သော ပဉ္စ၀ဂ္ဂီတို့က ရဟန်းဂေါတမသည် လာဘ်ပေါများတဲ့ဘက်သို့ ထွက်ခွာရှာဖွေနေပြီ၊ အကျင့်ပျက်ပြီဟု ပြောဆိုကဲ့ရဲ့ကာ အလုပ်အကျွေး မပြုကြတော့ဘဲ၊ တန်ခူးလကွယ်နေ့လောက်မှာ ဥရုဝေဠတောမှ စွန့်ခွာကြလျက် မိဂဒါဝုန် ဘက်သို့ ထွက်သွားနေထိုင်ကြကုန်၏ တဲ့။
ကဲ…..အဲဒါတွေကတော့ ဒုက္ကရစရိယာအကျင့်ကို ဘယ်ချိန်ကာလမှာ စွန့်လွှတ်ပါသလဲဆိုတဲ့ ပုစ္ဆာရဲ့ အဖြေများပါပဲ၊ အခြားပညာရှိ ဆရာတော်များထံမှာလည်း သွားရောက် မေးမြန်းနိုင်ကြပါတယ်၊ ဓမ္မသာကစ္ဆာမင်္ဂလာ ရတာပေါ့။
နောက်ဆက်တွဲ ဘုရားဖြစ်ရန်နဲ့ သဗ္ဗညုတဉာဏ်ရရေးအတွက် ဘယ်တရားက စတင်ကျင့်ကြံ အားထုတ်တော်မူပါသလဲဆိုတဲ့ ပုစ္ဆာရဲ့အဖြေကတော့…..
ပဉ္စ၀ဂ္ဂီငါးဦးတို့ အလောင်းတော်ကို စွန့်ခွာ၍ သွားကြသော ကာလကစ၍ အလောင်းတော်တပါးတည်း ဆိတ်ငြိမ်မှုရှိလှသောကြောင့် ဉာဏ်တွေ ပွင့်လျက် သဗ္ဗညုတဉာဏ်ရဖို့နဲ့ ဘုရားဖြစ်ဖို့အတွက် အကျင့်လမ်းစဉ်ကို ဆင်ခြင်တော်မူလေသည်တဲ့။
ထိုအခါ အာဠာရ, ဥဒက ဂိုဏ်းဆရာကြီးတို့၏ လောကီသမာပတ်တရား ဈာန်ရှစ်ပါးတို့သည် သင်္ချိုင်းကုန်းသို့သွားရာ အို, နာ, သေဖြစ် ၀ဲသြဃထဲ၌ နစ်သောတရားတို့သာ ဖြစ်ကုန်၏။ စင်စစ် ဘုရား မဖြစ်နိုင်ချေ ဟု မြင်တော်မူတယ် တဲ့။
အဖ ခမည်းတော်မင်းကြီး လယ်ထွန်မင်္ဂလာ အခါတော်၌ ဇမ္ဗုသပြေပင်ရိပ်ဝယ် ငါအားထုတ်၍ ရရှိသော အာနာပါန သမာဓိလုပ်ငန်းကား ကာယဂတာသတိ၌ ပါဝင်သော တရားမြတ်လည်း ဖြစ်၏ ဟုသိတော်မူတယ်တဲ့။

အာနာပါန၏တန်ခိုးတော်
အင်း….အာနာပါနသည် အလုံးစုံသော ဘုရားအလောင်းတော်တို့အတွက် မဟာပဓာန၏ အခြေပါဒက၊ ၀ိပဿနာဉာဏ် သမာဓိ၏ အခြေမူလလည်း ရှိ၏။
ထိုအာနာပါန သမာဓိကိုသာ နောင်တော်ဘုရားရှင်တိုင်းဟာ မစွန့်လွှတ်ကြဘဲ အာနာပါန ကမ္မဋ္ဌာန်းဖြင့်ပင် သဗ္ဗညုတဉာဏ်နှင့် အရဟတ္တမဂ်ဉာဏ်ကို ရယူကာ ဘုရားဖြစ်တော်မူကြတာပဲဟု ဉာဏ်တော်မှာ ထင်လာသောကြောင့် အာနာပါနကမ္မဋ္ဌာန်းက စတင်အားထုတ်တော်မူကာ အတုလ, သမ္မာသမ္ဗုဒ္ဓ, ဘဂ၀ါ, လောက၀ိဒူ, သဗ္ဗညု အဖြစ်သို့ ရောက်တော်မူ၏ တဲ့။ အကျယ်သိချင်ရင် မဟာဗုဒ္ဓ၀င် အစောင်စောင်နဲ့ အဋ္ဌကထာဋီကာတို့ကို ကြည့်ပေတော့၊ အာနာပါနကမ္မဋ္ဌာန်း မူရင်းပါဠိတော်ကို အထင်မသေးနဲ့နော်၊ ကြိုးစားသာ အားထုတ်ပြုလုပ်ပါ၊ မုချ အကျိုးခံစားရမှာဖြစ်တယ်။
ဒကာ။           ။ အားရနှစ်သက်စရာ အဖြေရတနာတွေမို့ တခြားစာပေတွေကြည့်ဖို့ မလိုတော့ပါဘူး ဆရာတော်၊ အာနာပါနကမ္မဋ္ဌာန်း-ထွက်လေ, ၀င်လေ သက်သက်ပဲ ဆက်လက်ကာ ကြိုးပမ်း အားထုတ်ကြပါမည် ဘုရား။

No comments: