သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, December 31, 2010

သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား


သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား

          ဒကာ။           ။ သာသနာတော် ငါးထောင်ဆိုရာ၌ ဘုရားသာသနာတော်က နှစ်ထောင့်ငါးရာ၊ သိကြားသာသနာက နှစ်ထောင့်ငါးရာ ဟု ပြောဆိုနေကြရာ သိကြားသာသနာ ဆိုတာ အဟုတ်တကယ် ရှိသလား ဆရာတော်၊ ကျမ်းဂန်မှာရော ပါရှိပါသလား ဆရာတော်။
          ဆရာ။           ။ သိကြားသာသနာ ၂၅၀၀ ဆိုတာတော့ ကျမ်းဂန်မှာ မတွေ့ဖူးသေးဘူး၊ သာသနာ ၅၀၀၀ ဆိုတာကတော့ အဋ္ဌကထာကျမ်းဆရာတို့က ခေတ်ငါးပါးနဲ့ ပိုင်းခြားကာ သုံး,လေးနည်းပြဆိုထားတာတွေ့ရှိတယ်၊ သိချင်ရင် သုတေသနသရုပ်ပြအဘိဓာန်ကျမ်းကြီးမှာ ပါတယ်။
          ဒကာ။           ။ သည်လိုဆိုရင် သိကြားသာသနာ, သိကြားသာသနာနဲ့ ဘုရားသာသနာတော်မှာ သိကြားမင်းနဲ့စပ်စပ်ပြီး ပြောဆိုနေကြတာကို ဘယ်လိုယူဆပါသလဲ ဆရာတော်။
          ဆရာ။           ။ ဓမ္မစကြာသုတ် အမွှမ်းနိဒါန်းမှာ (သဟမ္ပတိနာမကေန မဟာဗြဟ္မေနယာစိ တော) သဟမ္ပတိဗြဟ္မာမင်းကြီးက မြတ်စွာဘုရားအား တရားဟောဖို့ လာရောက်တောင်းပန်တဲ့အခါ သိကြားမင်းလည်း ပါလာတယ်၊ အဲဒီအခါ သိကြားမင်းက....
                             " မြတ်စွာဘုရား၊ အရှင်ဘုရားတို့သည် တရားမြတ်ဒေသနာတော်ကို ဟောကြားတော်မူကြပါ ဘုရား။ အရှင်မြတ်တို့၏ အမှန်စကားကို ၀န်မခံဘဲ ငြင်းဆန်ကာ (မဖြေကြားဘဲ) နေသူများ ရှိခဲ့သော် တပည့်တော်တို့က လိုက်ပါ နာယူစေကြပါမည် ဘုရား- အရှင်ဘုရားတို့ဘက်မှ ဓမ္မစက်ဖြစ်တော်မူပါစေ၊ တပည့်တော်တို့ဘက်မှ အာဏာစက် ဖြစ်စေပါမည်ဘုရား"
ဟု သိကြားမင်းက ပဋိညာဉ်ဝန်ခံစကား လျှောက်ထားသွားတာတော့ သာသနာတော်ကျမ်းများမှာ ပါရှိတယ်။
                   ပုံပမာပြရရင်။            ။ သစ္စကပရိဗိုဇ်ကြီးက မြတ်ဘုရားထံလာရောက်ကာ အနတ္တကိုငြင်းပယ် ဖျက်ဆီးတဲ့ ပြိုင်ပွဲကြီးမှာ မြတ်စွာဘုရားသခင်က အမှန်တရားဖော်ပြပြီး " ကဲ....သစ္စက သဟာကို ဘယ်လိုသဘောရသလဲ၊ အတ္တလော, အနတ္တလော၊ ဖြေကြားပါ" ဟု စေခိုင်းတဲ့အခါမှာ သစ္စကကြီးက "အနတ္တ ပါ" လို့ မုချဖြေကြားရတော့မည့် ကိစ္စဖြစ်နေ၍ မင်းပရိသတ် ဗိုလ်ပုံအလယ်မှာ အရှုံးမပေး မဖြေကြားဘဲ တောင်စကား မြောက်စကားတွေ ပြောဆိုကာ အချိန်ကိုဖြုန်းတီးနေတယ်။
                   အဲသည်အခါ သိကြားမင်း မနေသာတော့ဘူး၊ သူ၏ ပဋိညာဉ် ၀န်ခံချက်အရ ၀ရဇိန်လက်နက်ကို ကိုင်ဆွဲလျက် ကြောက်မက်ဖွယ် ဘီလူးကြီးအသွင်ဖန်ဆင်းကာ ဘုရားသခင်၏ အမေးစကားတော်ကို အမှန်အတိုင်းဖြေကြားရန် ခြိမ်းခြောက်တော့မှ သစ္စကကြီးက ကြောက်လန့်ပြီး အမှန်အတိုင်း "အနတ္တပါ၊ အရှင်ဂေါတမ" ဟု ဖြေကြားတဲ့ အခန်းကဏ္ဍမျိုးတွေ များစွာပဲ ကျမ်းဂန်တွေမှာ ရှိပါတယ်၊ အဲဒါတွေဟာ ဘုရားသာသနာတော်နဲ့ သိကြားမင်းစပ်တဲ့ ကိစ္စတွေပဲ၊ သိကြားသာသနာ ၂၅၀၀ ရယ်လို့တော့ သီးခြားမတွေ့ဖူးသေးဘူး၊ မြတ်စွာဘုရားဘက်က ကူညီပေးတဲ့အချက်တွေသာ ပါတယ်၊ ကဲ....ကျေနပ်ပြီလား။

No comments: