သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, December 24, 2010

တရားတော်မြတ်၏ ကောင်းခြင်းသုံးပါးဟာ ဘာတွေဘယ်လိုကောင်းတာလဲ

တရားတော်မြတ်၏ ကောင်းခြင်းသုံးပါးဟာ ဘာတွေဘယ်လိုကောင်းတာလဲ 

ဒကာ။           ။ သွာက္ခာတော ဘဂ၀တာ ဓမ္မော- ဟူသော မြတ်စွာဘုရားသခင်၏ အဆုံးအမ တရားတော်၌ ကောင်းခြင်းသုံးပါးရှိတယ်ဆိုတာ ဘယ်တရားတွေရှိပြီး ဘယ်လိုကောင်းတာပါလဲ ဆရာတော်
ဆရာ။           ။ မြတ်စွာဘုရားသခင်၏ အဆုံးအမတော်ခေါ်တဲ့ သာသနာတော်ဟာ အာဒိကလျာဏ, အစ၏ကောင်းခြင်း၊ မဇ္ဈေကလျာဏ, အလယ်၏ကောင်းခြင်း၊ ပရိယောသာနကလျာဏ, အဆုံး၏ကောင်းခြင်း နဲ့ ပြည့်စုံတယ်တဲ့၊ မြတ်စွာဘုရား၏ တရားမြတ်ကို လိုက်နာကျင့်ကြံ အားထုတ်ပွားများသူတို့အတွက် သည်လိုရရှိခံစားရပုံ ဆိုတာ။
(၁)     သီလစောင့်ထိန်းသူသည် အစ၏ကောင်းခြင်းမည်၏။
(၂)     သမထ ၀ိပဿနာနှင့် မဂ်လေးပါးကား အလယ်၏ကောင်းခြင်း မည်၏။
(၃)     ဖိုလ်လေးပါးနှင့်နိဗ္ဗာန်သည် အဆုံး၏ကောင်းခြင်းမည်၏ တဲ့။
နောက်တနည်း
(၁)     သီလနဲ့ သမာဓိတို့သည် အစ၏ကောင်းခြင်းပဲတဲ့။
(၂)     ၀ိပဿနာလုပ်ငန်းနဲ့ မဂ်ဉာဏ်တို့သည် အလယ်၏ကောင်းခြင်းပဲတဲ့။
(၃)     ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ဟာ အဆုံး၏ကောင်းခြင်းပဲတဲ့။
နောက်တနည်း
(၁)     သီလ, သမာဓိ, ၀ိပဿနာတို့ဟာ အစ၏ကောင်းခြင်း။
(၂)     မဂ်လေးပါးဟာ အလယ်၏ကောင်းခြင်း။
(၃)     ဖိုလ်လေးပါးနဲ့ နိဗ္ဗာန်ဟာ အဆုံး၏ကောင်းခြင်း တဲ့။
          ပိဋကတ်တော်မှာ ဒါထက်ပိုပြီး မရှိတော့ဘူး၊ ဒါ အစုံပဲ။
ဒကာ။           ။ အားရကျေနပ်လှပါတယ် ဆရာတော်၊ ဒီသုံးပါးကို တတ်နိုင်သမျှကျင့်ကြံပါမည် ဘုရား။

No comments: