သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, December 30, 2010

မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား


မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ
နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား

          ဒကာ။           ။ မြတ်စွာဘုရားဟောကြားတော်မူတဲ့ မဟာသမယ တသုတ်လုံးမှာ နတ် အသေးအမွှားကလေး အမည်က စပြီးတော့ တန်ခိုးအကြီးမားဆုံး ဟာရိတဗြဟ္မာမင်းကြီး စသည်တို့အထိ အမည်တွေ ထုတ်ဖော် ထုတ်ဖော်ပြီး ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်သတော်မူသွားသည်သာ ပါရှိတာတွေ့ရပါသည်။
                   ယင်းသို့ ခန္ဓာ, အာယတန, ဓာတ်သား, ပရမတ္ထတရား မပါဘဲလျက်နဲ့ ဒေသနာတော်၏ အဆုံးနိဂုံးချုပ်လတ်သော် နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းအထိ အရဟတ္တဖိုလ် ရရှိသွားကြသည်၊ သောတာပန်စသည်တို့ အရေအတွက်ကား အပမာဏ အပိုင်းအခြား မရှိအောင်ပင် များပြားလှပေ၏ ဟု ပြောဟောနေကြတာ အမှန်ပဲလား ဆရာတော်။
          ဆရာ။           ။ အင်း....ဒီသုတ္တန်တရားနဲ့စပ်ပြီး အမေးစကားတွေ တော်တော်များများပဲ ရှင်, ရဟန်းငယ်နဲ့ လူများထံက ရောက်ရောက်လာတယ်၊ ဒါကတော့ အဆန်းမဟုတ်ပါဘူး၊ မေးခွန်းထုတ်စရာ ဖြစ်နေတာပဲကို။
                   သာသနာ့ထိပ်ခေါင်တင် ကျေးဇူးတော်ရှင်ဆရာတော်ဦးဗုဓ်တို့ လက်ထက်ကလည်း ဒီပုစ္ဆာမျိုးတွေ ပေါ်ခဲ့ဖူးတယ်၊ ဒါ့ကြောင့် ဆရာတော်ဦးဗုဓ်ရဲ့ ရှင်းလင်းဖြေကြားချက်ကိုပဲ ထပ်မံ ဖြေကြားပေးပါ့မယ်၊ ဒီနေရာမှာ အထူးမှတ်သားဖို့ကတော့ ဆရာတော် ဦးဗုဓ်အလိုတော်အားဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမတွေကို ၀မ်းသာဖွယ်ရာ စုံလင်စွာ ခေါ်ဝေါ်နှုတ်ဆက်ပြီးဆုံးသောအခါ သစ္စာတရားနဲ့ နိဂုံးချုပ်ဟောကြားတော်မူတယ်လို့ ဆိုလိုရိပ်ရှိတယ်။
                   ထိုစကားဟာမှန်ပါတယ်၊ ဆရာတော်ဦးဗုဓ်ကိုယ်တိုင် ရေးပြုတော်မူသွားတဲ့ မဟာသမယသုတ်တော်၏ နိဿယအမွှမ်း၌-
                                      နာမက္ခာနေန ယဇ္ဇေ၀ံ၊
                                      ဓမ္မာဘိသမယော ကထံ။
                                      ကလ္လာဒိံ သစ္စ ဒီပေန၊
                                      နေသံ ပိ တာဒိတော့ ပိဝါ။
ဟုရေးသား ဖော်ပြထားချက်များကို အထောက်သာဓကပြု၍ " ကလ္လာဒိံ သစ္စဒီပေန" ဟူသော တတိယပဒအရ၊ သစ္စာတရား ဟောကြားခြင်းမှာ ရှင်းလင်းနေပါသည်၊ ဆရာတော်ကြီး၏ ဆိုလိုရင်းကတော့
နတ်ဗြဟ္မာတို့သည် မိမိတို့ အမည်နာမတို့ကို ခေါ်ဝေါ်နှုတ်ဆက်သံကြားရသဖြင့်။ ကလ္လစိတ္တ- ခံ့ညားသောစိတ်။ မုဒုစိတ္တ- နူးညံ့သောစိတ်။ ၀ိနီဝရဏစိတ္တ- နီဝရဏကင်းသောစိတ်။ ဥဒဂ္ဂစိတ္တ- တက်ကြွသောစိတ်။ ပသန္နစိတ္တ- ကြည်လင်အေးမြသောစိတ်ထားရှိကြပုံကို သိတော်မူသော မြတ်စွာဘုရားသခင်က "သာမုက္ကံသိကဒေသနာ" တရားပေါင်းတို့ထက် ထူးမြတ်လွန်ကဲသော"စတုသစ္စဓမ္မ" သစ္စာလေးပါးတရာတော်ကို ဟောကြားသောအခါ အရိယာတွေ ဖြစ်သွားကြသည် တဲ့။
                   ကဲ...အဲဒါဟာ သာသနာ့ထိပ်ခေါင်တင် ကျေးဇူးရှင် ဆရာတော်ဦးဗုဓ်၏ ရှင်းလင်းဖြေကြားချက်ပါပဲ၊ သဘောကျ ကျေနပ်ကြရဲ့လား၊ တခြားဆရာတွေထံမှာလည်း သွားရောက် မေးမြန်း စုံစမ်းကြဦးလေ။
          ဒကာ။           ။ သည်လို သာသနာ့ထိပ်ခေါင်တင် ကျေးဇူးရှင် ဆရာတော်ဦးဗုဓ်ရဲ့ အဆုံးအဖြတ်များကို ကြားနာမှတ်သားရလို့ ကျေနပ်လှပါတယ် ဆရာတော်။

No comments: