သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, October 26, 2010

တာဒိဂုဏ်ဆိုတာ ဘာတွေလဲ

တာဒိဂုဏ်ဆိုတာ ဘာတွေလဲ

          ဒကာ။           ။ မြတ်စွာဘုရားသခင်အား ချီးကျူးပူဇော်စကားပြောကြားတဲ့အခါ တာဒိဂုဏ်နဲ့ ပြည့်စုံတော်မူသောဘုရား၊ တာဒိလက္ခဏာနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားဟု ပါရှိသော်လည်း တာဒိဂုဏ်နဲ့ တာဒိလက္ခဏာကို သေချာစွာ မသိကြ၍ ရှင်းပြပေးပါဦး ဆရာတော်။
          ဆရာ။           ။ အင်း… တာဒိဂုဏ် အင်္ဂါလက္ခဏာတော်နဲ့ စပ်ပြီး မဟာနိဒ္ဒေသပါဠိတော် ၈၈-၃၆၅-တို့၌ အင်္ဂါလက္ခဏာ ငါးပါးနဲ့ လာရှိတာ တွေ့ရတယ်၊ အကျယ်-အဲဒီမှာ ကြည့်ကြပေတော့။
                   (၁)     ကောင်းသော မကောင်းသော လောကဓံတရားရှစ်ပါးတို့နဲ့ တွေ့ကြုံတဲ့ အခါ ကိုယ်တော်မြတ်၏ စိတ်သည် နိမ့်တုံမြင့်တုံမရှိ ပကတိညီမျှလျက်သာ တည်နေ၏ တဲ့။
                   (၂)     ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စွာ စွန့်လွှတ်ပြီး ဖြစ်၏ တဲ့။
                   (၃)     သြဃလေးဖြာ သံသရာ ရေအလျဉ်ကို လွန်မြောက်စွာ ကူးခတ်ပြီး ဖြစ်၏ တဲ့။
(၄)     ရာဂစသော မီးတစ်ဆယ့်တပါးတို့မှ ငြိမ်းချမ်းအေးမြပြီးသူဖြစ်၏ တဲ့။
                   (၅)     သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ စသော ဂုဏ်အပေါင်းတို့ဖြင့် ထုတ်ပြပြောဆို ချီးမွမ်း၍ မကုန်နိုင်အောင်သော ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော အတုမရှိ ပုဂ္ဂိုလ်မြတ် ဖြစ်၏ တဲ့။
                   ကဲ…အဲဒါတွေဟာ တာဒိဂုဏ်တော်၏ လက္ခဏာတွေပါပဲ၊ အဲဒီ ဂုဏ်တော်တွေကို ထုတ်ဆိုထုတ်ဆိုကာ ရှိခိုးကြတာ ဖြစ်တယ်။
          ဒကာ။           ။ မှန်ပါ့၊ ခုမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ် ဘုရား၊ ယခုလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်။   

No comments: