သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, October 11, 2010

ဗိုလ်ငါးပါး ဘုရားဟောထဲမှာ ဘယ်ဗိုလ်ဟာ အချုပ်လဲ


ဗိုလ်ငါးပါး ဘုရားဟောထဲမှာ ဘယ်ဗိုလ်ဟာ အချုပ်လဲ

ဒကာ။           ။ ဘုရားဟော ဗောဓိပက္ခိယ တရားတော်ထဲမှာ ပါတဲ့ ဗိုလ်ကြီးငါးပါးတို့တွင် ဘယ်ဗိုလ်က ဦးစီးအချုပ် ဖြစ်ပါသလဲ ဆရာတော်၊ တိုတိုနဲ့ပဲ ဖြေကြားပါဘုရား၊ သာသနာတော်ရဲ့ ဗိုလ်ချုပ်ကြီးကို သိချင်လို့ပါ။
ဆရာ။           ။ အင်း…..အဲဒီဗိုလ်ငါးပါးတရားထဲမှာ နံပါတ် ၁ ဖြစ်တဲ့ သဒ္ဓါဗိုလ်ဟာ အချုပ်အခြာဗိုလ်ချုပ်ကြီးပဲ၊ အဲဒါ တိုသောအဖြေလို့ မှတ်ပါ၊ သဒ္ဓါဗိုလ်ချုပ်ကြီးက ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်တို့ကို အုပ်ချုပ်ကွပ်ကဲ စေခိုင်းနေတာဖြစ်တယ်။
ဒကာ။           ။ အကြောင်းပြပါဦးဆရာတော်၊ ပါဠိတွေတော့ မရွတ်ပါနဲ့ ဘုရား၊ တိုလွန်းလှပါတယ်။
ဆရာ။           ။ အင်း….မြတ်ဘုရားနဲ့ ဘုရားဟောတော်မူတဲ့ တရား, ဘုရားနဲ့တပည့်သား သံဃာ, အဲဒီ ရတနာသုံးပါးကို ယုံကြည်ကိုးစားတဲ့ သဒ္ဓါတရား မူလအခြေခံအကြောင်းရင်းရှိမှသာ စွန့်ကြဲပေးလှူ ဒါနပြုမည်၊ သီလကျင့်သုံးမည်၊ သမထဘာဝနာ, ၀ိပဿနာဘာဝနာများကိုလည်း ပွားများ အားထုတ်မည်ဖြစ်၍ ဒါန, သီလ, ဘာဝနာ, သို့မဟုတ် သီလ, သမာဓိ, ပညာ ဆိုတဲ့ သာသနာ့နယ်မြေထဲမှာ သဒ္ဓါဆိုတဲ့ မျိုးစေ့ ရင့်သန်အောင်မြင်ဖို့ဟာ တစ်အချက် အရေးကြီးဆုံးပဲ။
ဘယ်လောက် ဉာဏ်ပညာ ထက်မြက်ကောင်းမွန်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပလေစေ၊ ရတနာအမြတ်သုံးပါးကို မယုံကြည်သမျှ ယုံကြည်မှု သဒ္ဓါတရားမရှိက သာသနာ့နယ်မြေထဲ ၀င်ရောက် ကျင့်ကြံ, အားထုတ်, လုပ်ကိုင်မှု ပြုမည်မဟုတ်၍ သာသနာတော်၏ ရည်မှန်းချက်ပန်းတိုင် မဂ်, ဖိုလ်, နိဗ္ဗာန်ကို မရနိုင်ဘူးပဲ၊ လောကမှာ ကွန်ပျူတာတို့၊ တယ်လီဗေးရှင်းတို့၊ ဒုံးပျံတို့ ကြံစည်ပြုလုပ်နိုင်တဲ့ ပါရဂူကြီးတွေကိုကြည့်ပါ။ ကဲ…ကျေနပ်ပြီလား၊ ပါဠိတော်ကတော့
          သဒ္ဓီဓ၀ိတ္တံ ပုရိသဿသေဋ္ဌံ- တဲ့၊ လောက၌ မှီခိုအားထားမှု တောင့်တသူတို့၏ အမြတ်ဆုံးဥစ္စာပစ္စည်းကား သဒ္ဓါတရားပင်တည်းတဲ့ ဒကာကြီးတို့ရဲ့။
ဒကာ။           ။ သိပ္ပံ ပါရဂူကြီးတွေ ယုံကြည်မှု သဒ္ဓါ မရှိသေးလို့ သာသနာတွင်း မ၀င်တာ၊ အကြောင်းနဲ့ပြည့်စုံတဲ့အဖြေမို့ ၀မ်းမြောက်နှစ်သက်စွာနဲ့ ခံယူပါတယ်ဆရာတော်။

No comments: