သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, October 26, 2010

ဂေါတမဗုဒ္ဓဟာ ဘာကြောင့် သက်တမ်း တိုရသလဲ


ဂေါတမဗုဒ္ဓဟာ ဘာကြောင့် သက်တမ်း တိုရသလဲ

          ဒကာ။           ။ တပည့်တော်တို့ရဲ့ သာသနာပိုင်ဖြစ်တဲ့ ဂေါတမမြတ်စွာဘုရားသခင်ဟာ သက်တမ်း သိန်း, သောင်း, ထောင်တမ်းတွေမှာ ပွင့်တော်မမူဘဲ ဘာကြောင့် အသက် တစ်ရာတမ်းမှာ လာပွင့်ရတာလဲ ဆရာတော်။
          မသကာ တစ်ထောင်တမ်းလောက်၊ အနည်းဆုံး ငါးရာတမ်းဆို တော်ပါသေးရဲ့၊ ခုတော့ကာ တစ်ရာတမ်းမှာပွင့်ပြီး သက်တော်ရှစ်ဆယ်တည်း နေတော်မူသွားရတယ်၊ ရှင်းပြပါဦးဘုရား။ ဒီကိစ္စအတွက် ဒကာကြီးတို့ဘက်က ၀မ်းနည်းပက်လက်ဖြစ်ရတယ်။
          ဆရာ။           ။ ဟုတ်ပါတယ်၊ သက်တမ်းက တိုရတဲ့အထဲ ဘုရားဖြစ်သက်က လေးဆယ့် ငါးနှစ်တည်း ဆိုတော့ကာ ကိုယ်တော်မြတ်မှာ နေ့ညမအား တရားဟော ကယ်ချွတ်တော်မူရလို့ ပင်ပန်းတော်မူရရှာတယ်၊ စိတ်မပင်ပန်းပေမဲ့ ရုပ်တော်က ပန်းတယ် နွမ်းတယ် ဒကာကြီးတို့ရဲ့။
                   တစ်ရာတမ်းကျမှ လာပွင့်တော်မူရတာကတော့ အလောင်းတော်မြတ်ရဲ့ ပါရမီတော်နဲ့ ဉာဏ်တော်မြတ်က သောင်းတမ်း, ထောင်တမ်း, ငါးရာတမ်းတွေကို မမီဘဲ တစ်ရာတမ်းကျမှပဲ ပါရမီတွေပြည့်ပြီး ဉာဏ်တော်ကရင့်လို့ ပွင့်တော်မူရတယ်လို့ မှတ်ရမည်တဲ့၊ ကဲ…..ကျေနပ်ရဲ့လား။
          ဒကာ။           ။ သက်တမ်းစေ့ တစ်ရာပြည့်အောင် မနေရဘဲ သက်တော်ရှစ်ဆယ်မျှသာ နေရတာကကော ဆရာတော်၊ ဘယ်ဝိပါက်များ လိုက်ပါလာလို့လဲ။
          ဆရာ။           ။ အင်း….ဒါကတော့ သဗ္ဗညုဗုဒ္ဓတို့ရဲ့ ဓမ္မတာဟာ သက်တမ်း ငါးပုံလေးပုံသာ နေတော်မူမြဲ ဓမ္မတာမို့ သက်တော်ရှစ်ဆယ်မျှသာ နေတော်မူရတယ်လို့ မှတ်ကြပေါ့၊ ၀ိပါက်လိုက်တာ မဟုတ်ပါဘူး။
          ဒကာ။           ။ ဒီလိုကွဲကွဲပြားပြားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: