သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, October 14, 2010

မြတ်ဗုဒ္ဓသည် လူ တိရစ္ဆာန်တို့ကို စီးတော်မူသလော


မြတ်ဗုဒ္ဓသည် လူ တိရစ္ဆာန်တို့ကို စီးတော်မူသလော

၁၃၄၂ ခုနှစ် ဧကံ သမယံ တကြိမ်သောအခါ၌ အောက်ဖေါ်ပြပါ ပြဿနာတရပ် ပေါ်လာသောကြောင့် ဆူးလေစေတီတော်မြတ် ဂေါပကအဖွဲ့က သြ၀ါဒါစရိယ ဆရာတော်ကြီးများအား ပင့်ဆောင်၍ သြ၀ါဒခံယူရန်လျှောက်ထားကြသည်မှာ…..
          “ဆရာတော် အရှင်မြတ်တို့ ဘုရား…ကုလားအမျိုးသားတဦးက ဥဒေါင်းငှက်ရုပ် ကျောပေါ်၌ ထိုင်နေတော်မူသော ဉာဏ်တော် ၁၂ လက်မခန့်ရှိ ဗုဒ္ဓပုံတော်မြတ် တဆူကို ရဟန်းရှင်လူတို့ ပူဇော်စေရန် ဆူးလေစေတီတော် တောင်ဘက်တန်ဆောင်း၌ ထားရှိပါသည်။
          ထိုဥဒေါင်းငှက်တိရစ္ဆာန်အပေါ်၌ မြတ်စွာဘုရား တက်စီးသီတင်းသုံးနေထိုင်တော်မူခြင်းမှာ အပ်, မအပ်- လျော်, မလျော် ဆုံးမ သြ၀ါဒပေးတော်မူကြပါ ဘုရား။”
ထိုအခါ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးသေဋ္ဌိလ က စ, တင်၍
အဂ္ဂမဟာပဏ္ဍိတ မူလပဋ္ဌာန်းဆရာတော် ဦးနာရဒ၊ စင်္ကာပူဆရာတော် ဦးဝိသာရဒ၊ ဘုံပျံဆရာတော် ဦးပညာသာမိ စသော ဆရာတော်ကြီး အသီးသီးတို့က ဤပုံတော်မျိုးကို မတွေ့ဖူးကြောင်း၊ သင့်လျော်မည် မထင်ကြောင်းနှင့်သာ သြ၀ါဒ ပေးတော်မူကြသည်။
          ယင်းနောက် ကြားဖောက်၍ ရန်ကုန် ဗဟန်း အောင်မြေဘုံကျော်ဆရာတော်က ဆင်စီးသော ဗုဒ္ဓပုံတော်မျိုးကို အများအပြားတွေ့နေရကြောင်း၊ ဆင်စီးသော ဆင်ခံသော ဘုရားပုံတော်များ လက်ခံကိုးကွယ်နေကြပြီဖြစ်၍ အခြားသတ္တ၀ါများအတွက်လည်း စဉ်းစားကြရမည်ဖြစ်ကြောင်းနှင့် ဆင်ခံဘုရားကို အထောက်အထားပြုကာ တင်ပြလာလေသည်။
          ထိုအခါ ဆရာတော်ကြီးများအားလုံး ယင်းအဆိုကိုစိတ်ဝင်စားစွာ အမျိုးမျိုး စဉ်းစား ဆင်ခြင် သုံးသပ်တော်မူကြကာ အစည်းအဝေးခန်းမကြီး တခုလုံး တခဏမျှ ဆိတ်ငြိမ်သွားလေသည်။
          ဤအချိန်ကား မိမိ သြ၀ါဒပေးရန် ကျရောက်လာသော အလှည့်အကြိမ်ဖြစ်၏။ ထို့ကြောင့် မိမိက ဆိတ်ငြိမ်မှုကို လှုပ်ရှားစေကာ တင်ပြရသည်မှာ-
                   “ဆရာတော်အရှင်မြတ်တို့ဘုရား….
                   တပည့်တော်များ၏ ဖခင်ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် သတ္တ၀ါများအား မနှိပ်စက် မညှင်းဆဲ မဆင်းရဲစေသော အ ၀ိဟိံသ ၀ါဒီ၊ သတ္တ၀ါများ ဆင်းရဲတာကို သူမတူအောင် ကြီးမားစွာ သနားတော်မူသော မဟာကရုဏာဝါဒီ အယူရှိတော်မူသော အရှင်မြတ်ကြီးသာ ဖြစ်တော်မူပါသည်။
                   ထေရ၀ါဒ ပိဋကတ်တော်များမှာ မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူသောအခါ ဆင်, မြင်း, ကျွဲ, နွား, ဂဠုန်, နဂါး စတဲ့ ထိုထို သတ္တ၀ါများကို စီးတော်မူ၍ ကြွချီတော်မူတာ ဘယ်နေရာမှာမှ ပါရှိတာ မတွေ့ရဟု မှတ်ထင်မိပါသည်ဘုရား၊ ဒီလို ဆင်ရုပ်တွေပေါ်မှာ မြတ်စွာဘုရား ထိုင်နေတော်မူတဲ့ ပုံဟာ မြတ်စွာဘုရားသခင်၏ “မဟာကာရုဏိကနာထ” ဂုဏ်တော်မြတ် ဖျက်ဆီးနှိမ့်ချခြင်းသာဖြစ်၍ ဤဆင်စီး ဆင်ခံ အဆိုကို စဉ်းစားနေစရာ မလိုတော့ပါဘုရား၊ အမှန်မှာ မြတ်စွာဘုရားဒေသစာရီကြွချီတော်မူသောအခါ ခြေကြောင်းခရီးနှင့် ကောင်းကင်ခရီးဖြင့်သာ ကြွချီတော်မူပါတယ် ဘုရား။
                   ထို့ကြောင့် ဒီဥဒေါင်းငှက်ရုပ်အပေါ်မှာ ဗုဒ္ဓဘုရားထိုင်နေတော်မူတဲ့ပုံကို လက်မခံသင့်ကြောင်း၊ အကယ်၍ ဒီပုံတော်ကို လက်ခံတည်ထားလိုက်ပါက နောက်သောအခါ ဟင်္သာစီးတဲ့ပုံတွေ ၊ မြင်းစီးပုံ ကျွဲ, နွား, ဂဠုန်, နဂါး စီးတဲ့ပုံတွေ ထွင်ထွင်ပြီး စီးပွားရေးသမားများက ပြုလုပ်လာကြမည်ကို စိုးရိမ်မကင်းဖြစ်၍ ဤဥဒေါင်းစီးပုံကို လက်မခံရန် လေးနက်စွာ တားမြစ် တင်ပြပါသည်ဘုရား။”
          သြ၀ါဒစရိယဆရာတော်အားလုံးက မိမိအဆိုကို လက်ခံ၍ ဥဒေါင်းစီးပုံတော်ကို ဥဒေါင်းပေါ်မှ ချ၍ ကိုးကွယ်ကြရန် ဆုံးဖြတ်တော်မူကြသည်။

No comments: