သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, November 16, 2010

အဘိညာဉ်ဇောစိတ်တကြိမ်နဲ့ ဘ၀များစွာကို သိနိုင်တယ်ဆိုတာ ဟုတ်ပါမည်လား

အဘိညာဉ်ဇောစိတ်တကြိမ်နဲ့ ဘ၀များစွာကို သိနိုင်တယ်ဆိုတာ ဟုတ်ပါမည်လား

ဒကာ။           ။ သင်္ဂြိုဟ်ကျမ်းက (မဂ္ဂါဘိညာ သကိံ မတာ) လို့ဆိုထားတဲ့အတိုင်း မဂ်ဇော အဘိညာဉ်ဇောတို့ဟာ တကြိမ်သာ စောရိုး ဖြစ်ရိုး ရှိကောင်းတယ်လို့ ဆိုတော့ကာ အဲဒီ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဇောစိတ်ကလေး တကြိမ်တည်းနဲ့ ဘ၀များစွာက ဖြစ်လာသမျှ အာရုံ ဘ၀အစဉ်တွေကို ဘယ်လိုလုပ်ပြီး သိတာပါလဲ ဆရာတော်၊ မိန့်ကြားပါဦး ဘုရား၊ အဘိညာဉ်ဇောစိတ် တကြိမ်က ဖြစ်ပြီးပျက်သွားတာပဲဟာ၊ တစ်ခဏသာ ဖြစ်တာမဟုတ်လား။
ဆရာ။           ။ ဟုတ်ပါတယ်၊ အဘိညာဉ်ဇောစိတ်ကတော့ တစ်ဝီထိမှာ တစ်ကြိမ်သာ ဖြစ်ပြီးတော့ ပျက်သွားတာပဲ၊ နောက်ထပ် မဖြစ်တော့ဘူး။
          ဒါပေမဲ့ အဲဒီ အဘိညာဉ်ဇော သတ္တိစွမ်းအင်နဲ့ ထိုထိုဘ၀များစွာတို့၌ ဖြစ်ခဲ့ရတဲ့ ဖြစ်ပုံ အမျိုးမျိုးတွေကို မသိနိုင်အောင် ဖုံးကွယ်ပိတ်ဆီးထားတဲ့ မောဟအ၀ိဇ္ဇာကို ရိုက်ချိုး ဖျက်ဆီး ပယ်ရှင်းပေးလိုက်တယ်။
          ယင်း အဘိညာဉ်ဝီထိရဲ့ နောက်မှာမှ ဘ၀ပေါင်းများစွာက ဖြစ်ခဲ့သမျှ တွေ့ကြုံခဲ့သမျှ ကောင်းဆိုးအာရုံ ပုံစံအမျိုးမျိုးတွေကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဝီထိနဲ့ အဆက်မပြတ် တဆက်တည်း အဆင့်ဆင့် သိမြင်တွေ့ရှိရတော့သည် တဲ့၊ ကဲ ရှင်းရဲ့လား။
ဒကာ။           ။ ခုမှပဲ ရှင်းတော့တယ်၊ ဒါကိုသိချင်နေတာကြာပြီ ဆရာတော်၊ ဒကာကြီးတို့က စာပေကြည့်ရှုရှင်းနိုင်တဲ့ ဉာဏ်မရှိတော့ ကြားသိဉာဏ်ပဲ အားကိုးမေးမြန်းရတယ်…ဘုရား။

No comments: