သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 1, 2010

နောင်တော်ကြီးစေတီတော်ဟာ ရွှေတိဂုံစေတီ၏ နောင်တော်ကြီးလား

နောင်တော်ကြီးစေတီတော်ဟာ ရွှေတိဂုံစေတီ၏ နောင်တော်ကြီးလား

ဒကာ။           ။ ရွှေတိဂုံစေတီ၏ တနင်္ဂနွေထောင့်၌ တည်ရှိသော နောင်တော်ကြီး အမည်ဘွဲ့တော်ခံ စေတီတော်မြတ်ဟာ ရွှေတိဂုံစေတီ၏ အရင် ရှေးဦးစွာ ပုံစံယူရန် တည်ထားလို့ နောင်တော်ကြီး အမည်ရတာလား ဆရာတော်၊ သူအချို့က သည်အတိုင်းပဲ အမှန်ယူ ပြောဆိုနေကြပါတယ်၊ ဆရာတော်က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကြီး၏ သြ၀ါဒါစရိယမို့ မေးကြတာပါဘုရား။
ဆရာ။           ။ ဟာ…သည်အယူအဆ အတွေးအခေါ်တွေက အမှားတွေသာ ဖြစ်ပါတယ်၊ ဂေါတမဗုဒ္ဓရဲ့ သာသနာတော်မှာ ရွှေတိဂုံစေတီတော်ဟာ ရှေးဦးစွာ ပေါ်ပေါက်ဖြစ်ထွန်းလာတာပဲဟာ ရွှေတိဂုံစေတီတော်ကသာ ကမ္ဘာ့စေတီအပေါင်းတို့၏ နောင်တော်ကြီးဖြစ်ရမှာပေါ့ ဒကာကြီးတို့ရ။
ဒကာ။           ။ အနို့- ဘာ့ကြောင့် ဘာဖြစ်လို့ ဘယ်လိုနည်းနဲ့ အဲဒီစေတီတော်ကို နောင်တော်ကြီးစေတီလို့ ခေါ်ကြတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။           ။ တိုတိုနဲ့ပဲ ရှင်းပြမည်နော်၊ ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့်မှာ တည်ရှိနေတဲ့ နောင်တော်ကြီးဆိုတဲ့ စေတီတော်ဟာ၊ ၁၁၉၉ ခုနှစ်မှာ နန်းတက်တော်မူတဲ့ အမရပူရဒုတိယမြို့တည် နန်းတည် ညီတော် သာယာဝတီမင်းခေါ်, ကုန်းဘောင်မင်းခေါ်, ရွှေဘိုမင်းခေါ်တဲ့ ဘုရင်မင်းတရားကြီး၏ နောင်တော်ကြီးဖြစ်တဲ့-
၁၁၈၁ ခုနှစ်၌ နန်းတက်တော်မူတဲ့ ဘကြီးတော် မှန်နန်းရှင်မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသွားတဲ့ စေတီတော်မြတ်ဖြစ်တယ်။
အဲဒါ့ကြောင့် သာယာဝတီမင်း၏ နောင်တော်ကြီး ဖြစ်တဲ့ ရှင်ဘုရင်က တည်သွားလို့ အဲဒီစေတီတော်ကို “နောင်တော်ကြီးဘုရား” လို့ ခေါ်တာတဲ့၊ အမှန်ကတော့ နောင်တော်ကြီးဘုရား နောင်တော်ကြီး၏ စေတီပဲ၊ ကဲ….ရှင်းပြီလား။
ဒကာ။           ။ သာယာဝတီမင်း၏ နောင်တော်ကြီး မှန်နန်းရှင် မင်းတရားကြီး တည်သွားတဲ့ စေတီမို့ နောင်တော်ကြီးစေတီ(၀ါ) နောင်တော်ကြီးဘုရားလို့ ခေါ်တာတော့ ရှင်းပါပြီဆရာတော်၊ ဘကြီးတော်ဆိုတာက မရှင်းဘူးပဲဖြစ်နေတယ်၊ ဘကြီးတော်ကို ရှင်းပြပါဦးဆရာတော်၊ ဘယ်သူရဲ့ ဘကြီးတော်လဲ။
ဆရာ။           ။ ဘကြီးတော်ဆိုတဲ့ ဘွဲ့ဂုဏ်က (သာယာဝတီမင်းခေါ်, ကုန်းဘောင်မင်းခေါ်, ရွှေဘိုမင်းခေါ်တဲ့ ဘုရင်မင်းတရားကြီး၏ သားတော်) ၁၂၀၈ ခုနှစ်မှာနန်းတက်တော်မူတဲ့ ပုဂံမင်း၏ ဘကြီးတော်ဖြစ်လို့ အဲဒီ မှန်နန်းရှင် မင်းတရားကြီးကို ပုဂံမင်းက ဘကြီးတော် ဘကြီးတော်နဲ့ ခေါ်တာနဲ့ပဲ၊ ဘကြီးတော်လို့ တွင်လာပြန်တယ်တဲ့ နောက်ဘာမေးဦးမလဲ၊ စာပေလည်း မကြည့်ဘဲနဲ့ မသိရင် ဒီကိုပဲ လာ လာ ဒုက္ခပေး မေးတာပဲကိုး။
ဒကာ။           ။ ရှင်းပါပြီ ဆရာတော်၊ လူအများအတွက် ပြောပြစရာ ဗဟုသုတရလို့ ကျေးဇူးအထူးတင်ပါတယ် ဘုရား။

No comments: