သိဒ္ဓတ္ထမင်းသားကို ပရိက္ခရာရှစ်ပါးနဲ့ ဘယ်သူက ရဟန်းပြုပေးလို့ ၀တ်ရုံတတ်တာလဲ
ဒကာ။ ။ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား တောထွက်၍ အနော်မာသောင်ကမ်းသို့ ရောက်သောကာလ ဃဋိကာရဗြဟ္မာကြီး ဆက်ကပ်သော ပရိက္ခရာသင်္ကန်းကို ဘယ်သူက ဆရာလုပ်ပြီး သင်္ကန်းဆိုတာ ဒီလိုဝတ်ရတယ်, ဒီလိုရုံရတယ် ဟု ပြပေးလို့ အချိုးကျကြည်ညိုဖွယ်ဖြစ်အောင် ၀တ်ရုံတတ်တာပါလဲ ဆရာတော်၊ သူက မင်းသားပဲ သင်္ကန်းမြင်ဖူးတာမှ မဟုတ်ဘဲဟာ။
ဆရာ။ ။ သည်နေရာမှာ အလောင်းတော်မင်းသား မင်းဝတ်တန်ဆာများနှင့် ဆံတော်ကိုပယ်ပြီးနောက် သင်္ကန်းတော်များကို ဤလိုဝတ်ရမည်, ဤလိုရုံရမည်, ဤလိုတင်ရမည် စသည်ဖြင့် သင်ကြားပြသပေးမည့် ဆရာမရှိသေးပါဘူး။
ဒါပေမဲ့ ရှေးရှေးဘုရားသခင်တို့ထံတော်၌ ရဟန်းပြုခဲ့ဖူးသော ပါရမီဓာတ်ခံတော်တို့ကြောင့် အလေ့အကျင့် ဥပနိဿယ ပါလာ၍ ဉာဏ်တော်ရင့်ကျက် ကြီးမြတ်တော်မူတာက တကြောင်း၊ နိမိတ်ကြီးလေးပါး ထင်မြင်စဉ်ကာလကလည်း နောက်ဆုံးရဟန်းအသွင် နိမိတ်ကို မြင်ရဖူးသော အလောင်းတော်မင်းသားဟာ မင်းဝတ်တန်ဆာများကိုစွန့်ကာ သုံးထည်သောသင်္ကန်းနှင့် ခါးပန်းကြိုးတို့ကို သူ့နေရာနှင့်သူ နေသားတကျ သပ္ပာယ်လှစွာ ၀တ်ရုံတော်မူတတ်သည်ဟု သံသယမရှိ အတိအကျ မှတ်ယူရမည်တဲ့၊ အဲဒီလို ၀တ်ရုံတော်မူပြီးမှ ရာဇဂြိုလ်ပြည်သို့ဝင်၍ ရဟန်းဝတ်နဲ့ အိမ်စဉ်လှည့်လည်ဆွမ်းခံကြွတော်မူတာဖြစ်တယ်၊ ကဲ…ဘာများ သံသယစကားပြောကြားချင်သေးလဲ။
ဒကာ။ ။ ဒီလိုပြတ်ပြတ်သားသားနဲ့ သံသယကင်းတဲ့ အဖြေစကားများကို မှတ်သားရလို့ ကျေးဇူးတင်လှပါတယ် ဆရာတော်။
No comments:
Post a Comment