သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 1, 2010

မြတ်စွာဘုရားအား တီးမှုတ် သီဆိုမှုတို့ဖြင့် ပူဇော်, ဖူးမြော်ခြင်း မပြုရဟု တားမြစ်မှုများ ရှိသလား


မြတ်စွာဘုရားအား တီးမှုတ် သီဆိုမှုတို့ဖြင့်
ပူဇော်, ဖူးမြော်ခြင်း မပြုရဟု တားမြစ်မှုများ ရှိသလား

ဒကာ။           ။ မြတ်စွာဘုရားထံ ပူဇော်ကန်တော့ ပေးလှူမှုနှင့် တရားတော်နာယူရေးအတွက် သွားရောက်ကြသော မင်းပရိသတ် တိုင်းသူပြည်သား ပရိသတ်တို့ကို ကခုန်ပျော်ပါး, တီးမှုတ်, သီဆိုခြင်းများ မပြုရဟု တားမြစ်ပိတ်ပင်မှုများ စာပေ ကျမ်းဂန်တို့၌ ပါရှိပါသလား ဆရာတော်၊ ခုခေတ် ဘုရားပူဇော်ပွဲတွေမှာတော့ တီး, မှုတ်, သီဆိုမှုတွေ သဲသဲလှုပ်နေတာပဲ။
ဆရာ။           ။ မြတ်စွာဘုရားသခင်တို့၏ ဓမ္မတာကတော့ အသံတိတ်ဆိတ် ငြိမ်သက်ခြင်းကိုသာ လိုလားနှစ်သက်တော်မူကြတယ်၊ တူရိယာသံ သီချင်းဆိုသံ ကျယ်လောင်သော စကားပြောသံတို့ကို မြတ်စွာဘုရားတို့ မလိုလားကြချေလို့ စာပေတွေမှာ ပါရှိတယ် ဒကာကြီးတို့ရ။
ဒကာ။           ။ ဒကာကြီးတို့ နားလည်လွယ်အောင် အကိုးသာဓကများရှိရင် ထုတ်ပြပေးပါလား ဆရာတော်။
ဆရာ။           ။ အင်း….ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ စောင့်ထိန်းကြတဲ့ သီတင်းသည် လူများနဲ့ ရှင်သာမဏေများ ရဟန်းတော်များအတွက် နစ္စ, ဂီတ, ၀ါဒိတ (က ခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်း) တို့ကို မပြုလုပ်ရ၊ ကြည့်ရှုနားထောင်ခြင်း မပြုရဟု သိက္ခာပုဒ်တော်များ ပညတ်တော်မူထားတာရှိတယ်။
နောက်…(အပါယ ဂမနိယ ဒါန) အပါယ်လားကြောင်း ဒါနမျိုးငါးပါးမှာလည်း သမဇ္ဇဒါနခေါ်တဲ့ ကပွဲသဘင် သီဆို တီးမှုတ်ခြင်း ပွဲသဘင်တို့ကို ပေးလှူသူကား ပဟာသ ငရဲသို့ လားရောက်ကြောင်းနဲ့ ပြဆိုထားတယ်။
နောက်…အဇာတသတ်မင်းကြီးအား ဆရာဇီဝက,က မြတ်ဘုရားထံ ပို့ဆောင်ပေးသောအခါ ရာပေါင်းများစွာ ကြီးကျယ်ခမ်းနားသော စစ်အင်္ဂါလေးပါး တီးမှုတ်ဖွယ်ရာ စစ်စည်, စစ်မောင်း, စစ်ခရာ, တူရိယာမျိုးစုံတို့ဖြင့် တီးမှုတ်ကာ ချီတက်သွားကြလျက် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ သရက်တောဥယျာဉ် ကျောင်းတိုက်ကြီး၏အနီးသို့ရောက်သောအခါ ဆရာဇီဝကရဲ့ သတိပေးသံတော်ဦးတင်ချက်အရ အဇာတသတ်မင်းကြီးက တူရိယာတီးမှုတ်ခြင်း ဆူညံအော်ဟစ်ခြင်းတို့ကို တားမြစ်ပိတ်ပင် လိုက်လေသည်တဲ့။ တူရိယာတီးမှုတ်သူ မင်းမှုထမ်းတို့က ကိုင်ရုံသာကိုင်ဆွဲ၍ လိုက်ပါကြရလေသည်၊ စကားကိုမျှ ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးခြင်း စသည်တို့ကို မပြောဆိုကြတော့ပေ၊ လက်ဖြောက်တီးခြင်း လက်ဟန်ပြခြင်း ကိုယ်အမူရာ အသိအမှတ်တို့ဖြင့်သာ အမိန့်ပေးစီရင်ကာ ဘုရားကျောင်းတော်သို့ ၀င်ရောက်ဖူးမြော် ပူဇော်ရှိခိုးကြတယ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုထားတာတွေများစွာပဲရှိတယ်၊ ခုခေတ် ဒကာကြီးတို့ပြုလုပ် ကျင်းပတဲ့ ဘုရားပွဲတွေနဲ့ တူရဲ့လား၊ ကျောင်းကန် ဘုရားဝိုင်းထဲမှာ ပွဲတခြိမ့်ခြိမ့်နဲ့ ဆူညံနံစော်နေတာပဲ။
ဒကာ။           ။ ဒါ့ကြောင့် ရွှေကျင်သာသနာပိုင် အင်းကန်းဆရာတော်ဘုရားကြီး က (တနှစ်တခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ) ဟု ဆုံးမသွားတော်မူတာပေါ့ ဆရာတော်၊ ဒီလို အမှန်သိရတာ ကျေးဇူးတင်ပါတယ် ဘုရား၊ ဗုဒ္ဓဘာသာ စစ်စစ်တွေကတော့ သည်အတိုင်း လိုက်နာကြမှာပါဘဲ။
ဆရာ။           ။ အင်း…ဒီကလည်း ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ စစ်စစ်တွေ ဖြစ်စေချင်လို့ အဟုတ်အမှန် တရားတွေကို ချွင်းချန်မထားဘဲ ဘွားလားပေါ်အောင် ဖော်ထုတ် ဖြေကြားပေးသွားတာပဲလေ၊ ပညာရှိများကတော့ လက်ခံကောင်းပါရဲ့။

No comments: