သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, November 26, 2010

သိဒ္ဓိတ္ထမင်းသားဟာ ဈာနသမာပတ်ကို ဘယ်အရွယ်ကာလက ဘယ်ဆရာနဲ့ ရရှိဝင်စားနိုင်ခဲ့ပါသလဲ


သိဒ္ဓိတ္ထမင်းသားဟာ ဈာနသမာပတ်ကို ဘယ်အရွယ်ကာလက
ဘယ်ဆရာနဲ့ ရရှိဝင်စားနိုင်ခဲ့ပါသလဲ

          ဒကာ။           ။ အလောင်းတော် သိဒ္ဓိတ္ထမင်းသားဟာ တောထွက်ပြီးနောက် အာဠာရ, ဥဒက ရသေ့ကြီးများထံမှ နည်းခံယူ၍ ကျင့်သောကြောင့် လောကီဈာန်သမာပတ်များကို ရတာဟု ဆရာတော်တချို့က ဟောကြားကြပါတယ်။
                   ဆရာအချို့ကလည်း အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဒီဘ၀မှာပင် သဗ္ဗညုဉာဏ်တော်ရှင် ပါရမီ ပြည့်ပြီးသားဖြစ်တယ်၊ ဒီလောကီ ဈာန်သမာပတ်လောက်ကို ဆရာမရှိဘဲနဲ့ ကလေးအရွယ်ထဲက ရတာပါလို့ ပြောဆိုကြပါတယ်၊ ဘယ်ဟာကို အမှန်ယူရမှာလဲ ဆရာတော်၊ ရှင်းပြပေးပါဦး။
          ဆရာ။           ။ အင်း...ဒီအယူဝါဒနှစ်ခုစလုံးပဲ မှန်တယ်လို့ ယူဆကြပေါ့၊ နှစ်မျိုးလုံးပဲ မှန်ပါတယ်၊ ဒါပဲ မှတ်ကြ။
          ဒကာ။           ။ ဘယ်ဟာက ဘာကြောင့်မှန်တယ်ဆိုတဲ့ သာဓကများနဲ့ တပည့်တော်တို့ နားရှင်းအောင် တိုတိုကျဉ်းကျဉ်းနဲ့ လင်းပြပါဦး ဆရာတော်။
          ဆရာ။           ။ အင်း၊ တိုတို ကျဉ်းကျဉ်းနဲ့တော့ မရဘူး၊ ကဲ....နားထောင်ကြ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ နှစ်စဉ် ရာသီအလိုက် လယ်ထွန်မင်္ဂလာသဘင်ကို ကြီးကျယ်စွာ မြို့လုံးကျွတ် နန်းလုံးကျွတ် ဆင်ယင် ကျင်းပလေ့ရှိတယ်ဆိုတာ အားလုံး ကြားဖူးပြီးဖြစ်ပါတယ်။
                   အဲဒီပွဲတော်သို့ တနှစ်သားမပြည့်သေးသော အလောင်းတော်မင်းသားကလေးကိုပါ ခေါ်ဆောင်သွားကြတယ်၊ လယ်ကွင်းပြင်ကျတော့ မင်းသားကလေးကို အရိပ်ကောင်းပြီး အေးမြနေတဲ့ ဇမ္ဗုသပြေပင်အောက်မှာ ကမ္ဗလာနီခင်းနှီး ပြတီး ညောင်စောင်းတို့ဖြင့် မွန်မြတ်စွာ ထားလျက် လေစိမ်း လေကြမ်း မတိုက်ခတ် မဝှေ့ရမ်းနိုင်အောင် ကမ္ဗလာနီ တင်းတိမ် ကန့်လန့်ကာတို့ဖြင့် အခန်းဖွဲ့ကာရံကာ အထိန်းအယတို့က စောင့်ရှောက်နေရင်း လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပသော ဘုရင်မင်းတရားကြီး၏ အသရေတော်ကို ကြည့်ရှုကြရန် တင်းတိမ်ကန့်လန့်ကာအတွင်းမှ အပြင်သို့ ထွက်ထွက်သွားကြရာ မင်းသားကလေးအနားမှာ တယောက်မှ မရှိတော့ဘူးတဲ့။
                   ထိုအခါ မင်းသားကလေးက ဟိုဟိုဒီဒီ ကြည့်ရှုလိုက်တော့ ဘယ်သူမှ မရှိတာကို သိရ၍ နေရာမှ လျင်စွာထပြီးလျှင် တည်ကြည်ငြိမ်သက်စွာ တင်ပလ္လင်ခွေထိုင်လျက် ကိုယ်ကို ဖြောင့်မတ်စွာထားပြီးလျှင် ထွက်လေ, ၀င်လေတို့ကို မမေ့သောသတိဖြင့် အာရုံပြု အောက်မေ့မှတ်သားပြီး အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများကာ နေတော်မူလေရာ ရူပါဝစရပထမဈာန်ကိုရလျက် ထိုဈာန်သမာပတ်ဖြင့် နေတော်မူသောကြောင့် နေစောင်းသွားသော်လည်း အရိပ်က မပြောင်းရွေ့ဘဲနေတာကိုမြင်ကြရ၍ အုတ်အော်သောင်းတင်း အတင်းပြေးလွှား မင်းတရားကြီးအား လျှောက်ထားကြလေရာ ဖခင် သုဒ္ဓေါဒန မင်းကြီးလည်း ဆောလျင်စွာ ကြွလာကြည့်ရှုတော်မူတယ်တဲ့။
                   ထိုအခါ မင်းသားကလေးမှာ ရွှေရုပ်ဆင်းတုပမာ ကြည်ညိုဖွယ်ရာ တင်ပလ္လင်ဖွဲ့ခွေထိုင်နေကာ ထွက်လေ, ၀င်လေ အာနာပါန ကမ္မဋ္ဌာန်းဖြင့် ရူပါဝစရ ပထမဈာန်သမာပတ်ဝင်စားနေတာကို တွေ့မြင်ရပြန်၍ ဤကဲ့သို့ အံ့ဖွယ်ထူးခြား တန်ခိုးပြာဋိဟာများကို မြင်ရသော ဖခင် သုဒ္ဓေါဒနမင်းကြီးက...
                   " အို..မြတ်သော သားတော် သင် ချစ်သားမြတ်အား ခမည်းတော်၏ ရှိခိုးရခြင်းသည် နှစ်ကြိမ်မြောက် ရှိခိုးခြင်း ဖြစ်ပါပေသတည်း။" ဟု နှုတ်မြွက်ဆိုကာ သားတော်ကလေးကို နှစ်သက်မြတ်နိုး ရိုကျိုးစွာ ရှိခိုးလိုက်ကြောင်းများနဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီးများမှာ လာရှိတာကို ထောက်ထားကာ အဲဒီ လောကီဈာန်သမာပတ်လောက်ကိုတော့ ကလေးသူငယ်ဘ၀ကတည်းက ရရှိနေတာဖြစ်လို့ ဆရာမရှိဘဲ ရတယ်ဆိုတာလည်း မှန်တာပဲ လို့ ဖြေလိုက်တာပါ၊ နောက်တချက် မှန်တယ်ဆိုတာကတော့…..
အာဠာရ ရသေ့နဲ့ ဥဒက ရသေ့တို့ထံ တပည့်ခံတယ် ဆိုတာမှာ ထိုရသေ့ နှစ်ပါးတို့ အထင်ကြီးနေကြတဲ့ လောကီဈာန် သမာပတ်တရားများ၏ အထွတ်အချာ ရှစ်ဖြာသော သမာပတ်တို့ကို ပြီးစီးနိုင်ရေး ဆွေးနွေးမေးမြန်းတဲ့အခါ ရသေ့ဆရာကြီးတို့က နည်းနည်းကလေး ပြောကြားသွားရုံမျှနဲ့ပင် ထိုနည်းများကို လျင်စွာချက်ချင်းသိ၍ ကျင့်သောအခါ နှစ်ရက်ကျော်ကျော်မျှနှင့်ပင် ထိုရသေ့ဆရာကြီးတို့ ရရှိခံစားလျက်ရှိသော သမာပတ်တရား၏ ဆုံးခန်းတိုင် ရရောက်ပြီး၍ ယင်းဈာန်သမာပတ်တရားတို့ကို ၀င်စားသုံးဆောင် စစ်ဆေးကြည့်သောအခါ ထိုရသေ့ကြီးများ အထင်ကြီးနေတဲ့ သမာပတ်တရားတို့သည် ဗြဟ္မာ့ဘုံလျှင် လားရာ ဗြဟ္မာပဋိသန္ဓေကို ပေးကာ အို, နာ, သေ ၀ဋ်ဆင်းရဲ၌သာ အကျုံးဝင်သော သံသရာလည်ကြောင်း တရားညစ်တို့ဖြစ်ပုံကို မိမိကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့်သိတော်မူတဲ့ အလောင်းတော်ရဟန်းမြတ်က ရသေ့နှစ်ပါးအား ပန်ကြား၍ မအို, မနာ, မသေ သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာ အစစ်တရားကို တခြား၌ သွားရှာမည်ပြုသောကာလ အလောင်းတော်မြတ်၏ ဉာဏ်ပညာ ထက်မြက် ရင့်ကျက်ခြင်းကို ရိုသေလေးစားကြလျက် တခြားသို့ ထွက်ခွာမသွားရန် တားမြစ်ကြပြီးလျှင် ရသေ့ဆရာကြီးနှစ်ပါးတို့ ကိုယ်တိုင်မျှ မကသေးဘဲ တပည့်ရသေ့ ပရိသတ်တွေရော ၎င်းတို့၏ ဒကာ, ဒကာမများကိုပါ အလောင်းတော်အား ပူဇော်စေ၍ အပ်နှင်းကာ အလောင်းတော်ရဟန်းမြတ်ကို သူတို့ဆီ၌သာ နေရန်တောင်းပန်ကြပြန်တယ်။
          သို့သော်ငြားလည်း ယင်းတို့ကိုငြင်းပယ်လျက် ဘ၀၏လွတ်မြောက်ရာ အမှန်တရားကိုသာ ဆက်လက်ထွက်ရှာ ဆည်းပူးကြိုးစားပြန်သောကြောင့် သစ္စာလေးတန်တရားမှန်တို့ကို မိမိကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ဆရာမရှိဘဲ ရရောက်တော်မူသွားပါတယ်။
          ကဲ...အခုဖော်ပြသွားတဲ့ အဲဒီ...အဲဒီ အချက်အလက်တွေကို ဒကာကြီးတို့ ရှေးသရောအခါကလည်း သိပြီးသား ကြားဖူးပြီးသားတွေပဲဟာ၊ အဲဒီ အသိဉာဏ်နဲ့ မြတ်ဗုဒ္ဓရဲ့ အပေါ်မှာ ဝေဖန်ဆန်းစစ်ကြည့်လိုက်ရင် မြတ်ဗုဒ္ဓ အလောင်းတော်ဟာ ရှင်ရသေ့များထံမှာ တပည့်ခံတယ် မခံဘူးဆိုတဲ့ ပြဿနာတွေ အားလုံးရဲ့ အဆုံးအဖြတ်အမှန်တွေ ဒကာကြီးတို့ ဉာဏ်မှာ ရှင်းလင်းစွာ ပေါ်လာကြမှာပေါ့၊ ဒါပါပဲ။
          အလောင်းတော်ဟာ ဉာဏ်မရှိလို့ ရသေ့တွေထံမှာ တပည့်ခံရသလေး ဘာလေး ညာလေးနဲ့ အလောင်းတော်မြတ်ကို ကဲ့ရဲ့နှိမ့်ချတဲ့ သာသနာဖျက်ကောင်တွေရဲ့စကားကို ယုံစားမနေနဲ့၊ မီးပုံထဲအဖော် ခေါ်နေကြတာ။
          ဒကာ။           ။ အလောင်းတော်ရဟန်းမြတ်နဲ့ အာဠာရ, ဥဒက ဆရာကြီးများနဲ့ ရသေ့ညီနောင် ရှင်တထောင်စတဲ့ ရှည်လျားသော ပြဿနာရပ်များကို ယခုလို တိုတိုကျဉ်းကျဉ်းနဲ့ နားလည်အောင်ရှင်းပြပေးတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ အလောင်းတော်မြတ်မှာ ရင့်ကျက်သော ပါရမီဉာဏ်ဓာတ်တွေ ပြည့်စုံနေတာကို ယုံကြည်ပါတယ် ဆရာတော်။
          ဆရာ။           ။ အင်း...အာဠာရ, ဥဒက တို့ရဲ့ ဘိုးအေ သူ့အဖေ သုဒ္ဓေါဒန မင်းကြီးရဲ့ ဆရာဖြစ်တဲ့ ဈာန်အဘိညာဉ်တန်ခိုးရှင် ကာဠဒေ၀ီလ ရသေ့ကြီးရဲ့ ဦးခေါင်းပေါ်မှာ မတ်တပ်ရပ်ခဲ့ဖူးတာကိုတော့ မချီးမွမ်းဘဲ အပြစ်ကိုသာရှာပြောတတ်တဲ့ သာသနာဖျက်ကောင်တွေပဲ....နော်၊ သူတို့ကို ကြပ်ကြပ်သတိထားကြ ဒါပဲ။

No comments: