သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 22, 2010

ရှင်ရဟန်း ပြုမပေးနိုင်တဲ့ သာဝက ရဟန်းတော်များရယ်လို့ ရှိကောင်းပါသလား


ရှင်ရဟန်း ပြုမပေးနိုင်တဲ့ သာဝက ရဟန်းတော်များရယ်လို့ ရှိကောင်းပါသလား

ဒကာ။           ။ မြတ်စွာဘုရားသာသနာတော်အတွင်း၌ ရှင်သာမဏေ ပြုမပေးနိုင်ခြင်း၊  ရဟန်းခံမပေးနိုင်ခြင်းဆိုတဲ့ တားမြစ်မှုကို အမြဲတစေ ခံနေရတဲ့ သီလသိက္ခာနဲ့ ပြည့်စုံသော တပည့်သား သာဝက မဟာထေရ် ရဟန်းတော်များ ရှိကောင်းပါသလား။
ဆရာ။           ။ အင်း …ယင်းကိစ္စနှစ်ပါးကို ပြုမပေးရတဲ့ ရဟန်းတော်များဆိုတာ ဘုရားရှင်တိုင်းရဲ့ သာဝကများရယ်လို့တော့ မဟုတ်ပါဘူး။ သက်တော် နှစ်သောင်းတမ်းလောက်ကစပြီး အထက်အထက် ပွင့်တော်မူသွားကြတဲ့ သက်တော်ရှည် ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာသာ ရှိကောင်းတာပါ။
ဒကာ။           ။ တပည့်တော်တို့ မှတ်သားရအောင် သာဓက တစ်ခုလောက် ထုတ်ပြပေးပါ ဆရာတော်။
ဆရာ။           ။ သက်တော် နှစ်သောင်းတမ်းမှာ ပွင့်တော်မူတဲ့ ကဿပ မြတ်စွာဘုရား လက်ထက်တော်က ဖြစ်ကြောင်းခြင်းရာများရှိတယ်။
          ကဿပ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးကာမှ ရဟန်းပြုလိုကြတဲ့ အမျိုးကောင်းသားတို့သည် မြတ်စွာဘုရားလက်ထက် မျက်မှောက်တော်၌ ရဟန်းပြုကာ တပည့်ခံခဲ့ကြတဲ့ သာဝကကြီးများထံမှာသာ ရဟန်းပြုကြရတယ်။ အဓိပ္ပာယ်ရှင်းအောင် ထပ်ပြောဦးမယ်။ နားထောင်ပါ။
          သက်တော်ရှည် ဘုရားရှင်တို့၏ သာသနာတော်၌ ဘုရားရှိတော်မူစဉ်ကာလ ရဟန်းပြု တပည့်ခံခဲ့ကြရသော သာဝကကြီးများကသာ ရှင်သာမဏေ ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ နိဿရည်းပေးခြင်း၊ ဥပဇ္ဈာယ်ခံယူခြင်းတို့ကို ပြုပေးတော်မူကြကုန်၏တဲ့။
          မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး နောက်ကာလမှ ရဟန်းဖြစ်ကြတဲ့ တပည့်သာဝကကြီးတို့သည်ကား ယင်းကိစ္စရပ်မျိုးကို ပြုပေးနိုင်ခွင့် မရှိ၊ မပြုလုပ်ကြရကုန်တဲ့။ ပုံစံဝတ္ထုကတော့ သာတာဂိရနဲ့ ဟေမ၀တ နတ်မင်းအလောင်းများဖြစ်ကြတဲ့ အမျိုးကောင်းသား နှစ်ယောက် ရဟန်းပြုခန်းပဲ ဖြစ်တယ်။ ကဲ…ကျေနပ်ကြရဲ့လား၊ အကျယ်ကို အဲဒီဝတ္ထုမှာကြည့်ပါ။
ဒကာ။           ။ သက်တော်ရှည်ဘုရားသခင်တို့ရဲ့သာသနာတော်ဟာ ဒါ့ကြောင့်တိုတာကို၊ မှန်ပါ့၊ အားရနှစ်သက် ကျေနပ်လှပါတယ် ဆရာတော်။

No comments: