သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, November 16, 2010

သိဒ္ဓတ္ထမင်းသား ဥယျာဉ်ကစားသွားရာ နိမိတ်ကြီး ၄ ပါးကို တကြိမ်တည်းနဲ့ မြင်တာလား၊ ဘယ်လိုလဲ


သိဒ္ဓတ္ထမင်းသား ဥယျာဉ်ကစားသွားရာ နိမိတ်ကြီး ၄ ပါးကို
တကြိမ်တည်းနဲ့ မြင်တာလား၊ ဘယ်လိုလဲ

ဒကာ။           ။ အလောင်းတော်မင်းသား ဥယျာဉ်တော်သို့ သွားရာ၌ နိမိတ်ကြီး ၄ ပါးကို မြင်တော်မူတယ်ဆိုရာမှာ တချို့ဆရာများက တကြိမ်တခါတည်းနဲ့ လေးပါးလုံးကို မြင်သွားတယ်လို့ ဟောကြပါတယ်။
တချို့ဆရာတော်များကလည်း ယင်းသို့ မဟုတ်ဘဲ လေးကြိမ်လေးခါ ဥယျာဉ်တော်သွားလို့ တခါကို တမျိုးစီ မြင်တာဟု ပြောဟောကြပါသည်၊ စာပေက ဘယ်လိုဆိုလို့ ဘယ်ဟာကို ယုံရမှာလဲ ဆရာတော်။
ဆရာ။           ။ အင်း…ဒါက တနေ့တည်းနဲ့ပဲ လေးပါးလုံး မြင်သွားရင်လည်း ပြီးတာပဲ၊ တနေ့စီ တကြိမ်စီ တမျိုးစီ လေးခါ မြင်ရရင်လည်း ပြီးတာပဲ၊ သံဝေဂဓမ္မမြင်ရတာသာ ပဓာနပါ၊ ဒါကိုမြင်ရမှ တောထွက်ဖြစ်ကြမှာပဲဟာ၊ ဒါသိတော့ကော ဘာထူးမှာလဲ။
ဒကာ။           ။ အငြင်းအခုံတွေ  ရှိနေလို့ မေးရတာပါ ဆရာတော်၊ ဘယ်ဟာကို မှန်တယ်ဆိုတာ စာပေနဲ့အညီ မိန့်ကြားပါဦး ဘုရား။
ဆရာ။           ။ ကိုင်း…ဒါဖြင့် စာပေကို နားထောင်မှတ်သားပေတော့၊ ဗုဒ္ဓ၀ံသ အဋ္ဌကထာ ဆရာမြတ်ရဲ့ စာပေတော်က…..
          သက်တော် သောင်းတမ်း၊ သိန်းတမ်း၊ သန်းတမ်း သက်တော်ရှည် ဘုရား အလောင်းများမှာ အနှစ်တစ်ရာ၊ အနှစ်တစ်ရာလွန်မှ နိမိတ်ကြီး လေးပါးတို့ကို တကြိမ်စီ တခါစီ မြင်တော်မူကြတယ်တဲ့။
          သိဒ္ဓတ္ထမင်းသား အလောင်းတော်ကတော့ အသက်တိုသော ရာတမ်းမှာ လာဖြစ်ရလို့ လေးလမှ တခါ အစဉ်အတိုင်း တစ်ခါစီသာ မြင်တွေ့ရတယ်တဲ့။
ဒီဃနိကာယ်ဆောင် အရှင်မြတ်များကတော့၊ နိမိတ်ကြီး ၄ ပါးလုံးကို တစ်ရက်တည်းမှာပင် ကုန်အောင်စုံ မြင်သွားရတယ်လို့ ဆိုကြတယ်၊ အဲဒါပဲ မကျေနပ်ရင် ဗုဒ္ဓ၀ံသ အဋ္ဌကထာဆရာကြီးကို သွားမေးကြပေတော့။
ဒကာ။           ။ အော်…စာပေကျမ်းဂန်တွေက ကွဲပြားယူဆနေကြတာမို့ ကိုယ်ကြိုက်ရာပဲ မှတ်ပါတော့မည် ဆရာတော်။

No comments: