သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, November 10, 2010

ဃဋိကာရဗြဟ္မာမင်း ပေးလှူသွားတဲ့ မြေသပိတ်တော်ဟာ ဘယ်မှာကွဲပျောက်လို့ ကျောက်ညိုသပိတ်လေးလုံးကို လာလှူရတာလဲ


ဃဋိကာရဗြဟ္မာမင်း ပေးလှူသွားတဲ့ မြေသပိတ်တော်ဟာ ဘယ်မှာကွဲပျောက်လို့ ကျောက်ညိုသပိတ်လေးလုံးကို လာလှူရတာလဲ

ဒကာ။           ။ ဘုရားဖြစ်တော်မူစ အချိန်၌ တပုဿ, ဘလ္လိက ညီနောင်တို့ လာလှူတဲ့ ပျားမုန့်ဆုပ်ကို ခံယူစရာ သပိတ်မရှိလို့ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးက ဣန္ဒနီလာ ပတ္တမြားညို သပိတ်တော်လေးလုံးကို လာရောက် ဆက်ကပ်ရတယ်လို့ ကြားသိဖူးပါတယ်။
          အလောင်းတော် တောထွက်တော်မူစဉ်က အနော်မာသောင်ကမ်း၌ ဃဋိကာရဗြဟ္မာမင်းကြီး ကပ်လှူသွားသော ပရိက္ခရာရှစ်ပါးထဲမှာပါတဲ့ မြေသပိတ်တော်ဟာ ဘယ်အချိန်ကာလက ဘယ်နေရာမှာ ကွဲပျောက်သွားလို့ မရှိဘဲ ဖြစ်ရတာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။           ။ ဟုတ်ပါတယ်၊ အဲသည်မြေသပိတ်တော်ဟာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်တော်မူသည်အထိ အလောင်းတော်ထံမှာ ရှိနေတာပဲ ဒကာကြီးတို့ရ။
သုဇာတာ သူဌေးကတော်ကြီး နို့ဃနာဆွမ်းကပ်ရန် ရောက်လာတဲ့ ခဏကလေးမှာပဲ သပိတ်တော်ဟာလည်း ဘယ်ရောက်သွားမှန်း မသိလိုက်ဘဲ သူ့အလိုလို ကွယ်ပျောက်သွားတာပဲလို့ စာပေကျမ်းဂန်တွေကတော့ လက်စပျောက် ဆိုထားတယ်။ အဲဒါ သိချင်ရင် အထောက်တော်တွေလွှတ်ပြီး စုံစမ်းခိုင်းပေတော့။
အလောင်းတော်ဟာ သပိတ်ကို မတွေ့ရတော့ လက်ယာလက်တော်ကို ဖြန့်ကာ နို့ဃနာကို ခံယူတော်မူတယ်တဲ့။
ဒါပေမဲ့ သုဇာတာ သူဌေးကတော်ကြီးက တစ်သိန်းတန် ရွှေခွက်ကြီးနဲ့ တပါတည်း နို့ဃနာဆွမ်းကိုပါ အလောင်းတော်မြတ်အား ဆက်ကပ်လိုက်တယ်တဲ့။
အဲဒီအခါမှာ အလောင်းတော်က သုဇာတာအား (ဘယ်လိုသဘောမျိုးနဲ့ ပေးလှူတာလဲဟု) ကြည့်တော်မူတယ်တဲ့။
သုဇာတာသူဌေးမကြီးက အလောင်းတော်၏ ကြည့်တော်မူပုံကို သိရှိကာ အို…အရှင်…ကျွန်တော်မသည် အရှင်တို့အား ရွှေခွက်နှင့်အတူ နို့ဃနာကိုပါ ပေးလှူတာပါ၊ ရွှေခွက်နှင့်အတူ ခံယူတော်မူကာ လိုရာသို့ ကြွတော်မူနိုင်ပါတယ် ဟု ပြောကြားလျှောက်ထားရှိခိုးပြီးလျှင် “ ကျွန်တော်မသည် ဆုတောင်းအတိုင်း ခင်ပွန်း အရှင်ကောင်း သားကောင်း ရတနာတို့ကို ရရှိပြည့်စုံ၍ စိတ်နှလုံးချမ်းမြေ့ရသလို အရှင်တို့၏ စိတ်နှလုံး အလိုဆန္ဒတွေလည်း ပြည့်စုံ အောင်မြင်တော်မူကြပါစေ” ဟု ပြောဆို မြွက်ပန်ကာ တစ်သိန်းတန် ရွှေခွက်ကြီး၌ သစ်ရွက်ခြောက်ကဲ့သို့ ငဲ့ကွက်တွယ်တာခြင်း ကင်းစင် ဖဲခွာသွားလေ၏…တဲ့။
အဲဒါ ဃဋိကာရ ဗြဟ္မာမင်းကြီး ပေးလှူတဲ့ မြေသပိတ်တော်ရဲ့ လက်စပြတ် အစမပေါ်တဲ့ ပျောက်ခြင်းပါပဲ၊  သည်အရေး နောက် မေးစရာ မလိုတော့ဘူး၊ ဒါအပြီးပဲ သိချင်ရင် ကမ္ဘာတစ်ခွင်လုံး ထောက်လှမ်းရေးတွေ လွှတ်ပြီး သတင်းယူပေတော့။
ဒကာ။           ။ ကျေနပ်အားရလှပါတယ် ဆရာတော်၊ ဒါပေမဲ့ ပျောက်ပုံက ကွင်းဆက်လိုက်လို့ မရအောင် အစပျောက်သွားတာကိုတော့ တွေးစရာပဲနော်။

No comments: