သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, November 10, 2010

မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ကို အစိုးရသော နတ်မင်းကြီးလား


မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်ကို
အစိုးရသော နတ်မင်းကြီးလား

ဒကာ။           ။ ဗုဒ္ဓ၀င်တရားတော် ဟောကြားကြတဲ့အခါ ဗောဓိပင်နဲ့ ပလ္လင်တော်ကို မာရ်နတ်ကြီးက ၀ဲယာ အရှေ့တို့၌ ၁၂ ယူဇနာစီ အနောက်ဘက်ကမူ စကြ၀ဠာအဆုံးထိအောင်သော စစ်သည်ဗိုလ်ပါတို့ဖြင့် လာတိုက်တဲ့အခါ မြတ်စွာဘုရား၏ အနီးအပါး၌ လေးစားပူဇော်နေကြတဲ့ နတ်တွေ ဗြဟ္မာတွေဟာ တစ်ယောက်တလေမျှ မကျန်အောင် ထွက်ပြေးကြတယ်။
သိကြားမင်းကလည်း သူ့ရဲ့ ၀ိဇယုတ္တရ ခရုသင်းကြီးကို ကျော၌ပိုး၍ ပြေးလွှားကာ စကြ၀ဠာနှုတ်ခမ်းပေါ်မှာ ရပ်တည်နေတယ်၊ မဟာဗြဟ္မာမင်းကြီးကလည်း ထီးဖြူတော်ကြီးကို စကြ၀ဠာတိုက် အစွန်းနား၌ ပစ်ချကာ ဗြဟ္မာ့ပြည်သို့ ပြန်သွားတယ်၊ ကာလနဂါးမင်းကြီးကလည်း ရံရွေတော်နဂါးအပေါင်းတို့ကို စွန့်ပစ်ကာ မြေ၌ငုပ်လျှိုးဝင်ပြေး၍ သူ့နေရာဗိမာန်၌ လက်ဖြင့်မျက်နှာကို ပိတ်လျက် အိပ်လေ၏။ မြတ်စွာဘုရားရှင်၏ အနီးအပါး၌ နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေဟု ဟောကြားကြတာကို မှတ်မိရဖူးပါတယ်။
ဒါလောက် ဘုန်းတန်ခိုးကြီးမားတဲ့ မာရ်နတ်သားကြီးဟာ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာနှစ်ဆယ်ကိုပါ အစိုးရတဲ့ နတ်မင်းကြီးဖြစ်နေလို့လားဆရာတော်။
ဆရာ။           ။ ဟင့်အင်း…မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်၌ ရှိနေကြတဲ့ နတ်တွေကိုရော ဗြဟ္မာပြည်မှာ ရှိနေကြတဲ့ ဗြဟ္မာတွေကိုပါ တရားဝင် အစိုးရတဲ့ နတ်မင်းကြီး မဟုတ်ပါဘူး။ သူနေတဲ့ ၀သ၀တ္တီနတ်ပြည်ကိုတောင်မှ သူပိုင်အစိုးရတဲ့ တရားဝင် ၀သ၀တ္တီနတ်မင်းကြီးဆိုတာလည်း မဟုတ်ပါဘူး၊ ထိုပြည်ကို အစိုးရတဲ့ တရားဝင် ၀သ၀တ္တီနတ်မင်းကြီးဆိုတာ သပ်သပ် သီးခြားရှိနေပါသေးတယ်။
ဒကာ။           ။ သည်အတိုင်းမှန်ရင် တခြားနတ်တွေ ဗြဟ္မာတွေက ဒီ မာရ်နတ်ကြီးကို ဘာကြောင့် ဒါလောက်တောင် ကြောက်ရွံ့ ထွက်ပြေးကြတာလဲ ဆရာတော်။
ဆရာ။           ။ အင်း…မာရ်နတ်ကြီးက နတ်မိုက် နတ်ယုတ် နတ်ဆိုးတို့၏ အချုပ်အခြာ ခေါင်းဆောင်ကြီးဖြစ်တယ်။
          ဒါ့ကြောင့်မြတ်စွာဘုရားသခင်က “ဗာလတော ဇာယတေဘယံ” တဲ့၊ ဘယံ၊ ဘေးရန်ဟူသမျှသည်။ ဗာလတော၊ နတ်မိုက်, လူမိုက်ကြောင့်။ ဇာယတော၊ ဖြစ်ပေါ်ဖြစ်ပေါ်၍ လာ၏-လို့ ဟောထားတဲ့အတိုင်း နတ်မိုက်, လူမိုက်ဆိုတာ ကြောက်ရတယ်၊ “အသေ၀နာစ ဗာလာနံ” သူမိုက်ကို ဝေးဝေးရှောင်တာဟာ မင်္ဂလာတစ်ပါးပဲမို့ မာရ်နတ်ကြီးကို ရှောင်ကြ ရှားကြ ဖဲခွာသွားကြတာဖြစ်တယ်။
          တကယ်တော့ အဲဒီ မာရ်နတ်ကြီးဟာ လူ့ပြည်လောကမှာ နောက်လိုက် အခြံအရံ ပရိသတ်များစွာ လက်နက်များစွာတို့ဖြင့် မြို့ရွာတိုင်းပြည်ကို လုယက်တိုက်ခိုက်ပုန်ကန်ခြားနား ဆိုးသွမ်းသောင်းကျန်း ဗိုလ်ကျနေတဲ့ သူပုန်ခေါင်းဆောင်ကြီးတစ်ယောက်လို ဘီလူး, သရဲ, ဘုတ်, ပြိတ္တာ, နတ်မိုက်, နတ်ဆိုး, အသင်းအပင်းများစွာ ခြံရံကာဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါ သူတော်ကောင်းတို့၏ ကုသိုလ်ကောင်းမှု အမျိုးမျိုးတို့ကို မပြီးမြောက် မအောင်မြင်ရေး ရှေးရှုပြီး အကြီးအကျယ် အနှောင့်အယှက် အတားအဆီး ပေးတတ်သော တန်ခိုးကြီးတဲ့ နတ်ဆိုးကြီး တစ်ယောက်မျှသာဖြစ်တာပါ၊ သူဟာ နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတဲ့ နတ်မင်းကြီးမျိုး မဟုတ်ပါဘူး၊ နတ်ဆိုး ဗိုလ်ချုပ်ကြီးလို့တော့ ခေါ်ဆိုနိုင်ပါတယ်၊ ကဲ…ကျေနပ်ကြပြီလား။
ဒကာ။           ။ သည်လို အမှန်ကို သိရလို့ ကျေးဇူးတင်ပါတယ် ဆရာတော်၊ တပည့်တော်တို့လည်း လူမိုက်ဘေးရန်ကြောက်လို့ ဖျာပုံက ရန်ကုန်ရောက်လာကြတာပါပဲ ဘုရား၊ ဘေးရန်ဟူသမျှဟာ လူမိုက်တို့ဆီက ဖြစ်ပေါ်လာတာဆိုတဲ့ (ဗာလတော ဇာယတေဘယံ) ဘုရားဟောတရားတော်မြတ်ဟာ မှန်လိုက်တာ ဆရာတော်။

No comments: