သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, August 20, 2010

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား? မိန်းမများ တင်ပလ္လင်ခွေ ထိုင်ကောင်းသလား?

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား

ဒကာ။ ။ စာပေကျမ်းဂန်မှာ (ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံကတွာ) ထက်ဝယ်ဖွဲ့ခွေထိုင်၍ ကိုယ်ကိုဖြောင့်စွာထား၍နဲ့ တွေ့ရ ဖတ်ရပါတယ်၊ အဲဒီ ထိုင်ပုံ အဓိပ္ပာယ်အဖွင့်များကို ဘယ်လိုတွေ့ဖူးပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….စာတွေက တွေ့ပါ ဖတ်ပါ ကြည့်ပါများတော့ ပြည့်လျှံဖိတ်ကျ ကုန်ပြီ၊ ဆဋ္ဌသင်္ဂါယနာ ဋီကာသန္နိပါတ တင်တုန်းက -
ပလ္လင်္ကံ အာဘု ဇိတွာတိ ပါဒေန ပါဒံ ဂုဏံ ကတွာ၊
အဲဒီလို ဖတ်ရ ရွတ်ဆိုရ တင်ခဲ့ရဖူးတယ်လို့ ထင်တယ်၊ ဋီကာရဲ့ နာမည်ကိုတော့ မမှတ်မိတော့ဘူး၊ ဆိုလိုရင်း အနက်သဘောက -
ပလ္လင်္ကံ အာဘုဇိတွာတိ = ထက်ဝယ်ဖွဲ့ခွေ နေထိုင်တယ် ဟူသည်ကား။ ပါဒေန = ခြေတဖက်ဖြင့်။ ပါဒံ = ခြေတဖက်ကို။ ဂုဏံကတွာ = ထပ်သည်ကိုပြု၍ ။
အဲဒီလို ဖွင့်ဆိုထားတယ်၊ ပါဒ = ခြေဆိုတာ ဒူးဆစ်ရဲ့အောက်ပိုင်းကို ( သို့မဟုတ် ခြေသလုံးကို) ခြေလို့ ခေါ်တယ်၊ ဒူးဆစ်ရဲ့ အထက်ပိုင်းကို ပေါင်လို့ ခေါ်တယ်၊ ခြေနဲ့ပေါင် တခြားစီ၊ ပေါင်ကို ပါဠိလို (ဦရု)ခေါ်တယ်။
ဒါ့ကြောင့် တင်ပလ္လင်ခွေ ထိုင်တယ်ဆိုတာ ခြေသလုံး တဖက်အပေါ်ကို ခြေသလုံးတဖက် တင်ထပ်ပြီးတော့ ထိုင်တာကို ဆိုတာပဲ၊ ကဲ….ရှင်းပြီလား။

မိန်းမများ တင်ပလ္လင်ခွေ ထိုင်ကောင်းသလား

ဒကာ။ ။ ဒီလိုဆိုရင် မိန်းမတွေ ထိုင်တာက ခြေသလုံးအပေါ်မှာ ပေါင်တင်ထပ်ပြီး ထိုင်ကြတာဟာ ပလ္လင်္ကံ - ခေါ်တဲ့ တင်ပလ္လင်ခွေ မထိုင်ကောင်းလို့လား ဆရာတော်၊ မိန်းမများအတွက် ထိုင်ပုံထိုင်နည်းများကိုကော သီးခြားပြဆိုထားပုံများ ကျမ်းဂန်က ညွှန်ကြားပေးပါသလား ဆရာတော်၊ အချို့ရိပ်သာတွေမှာ မိန်းမတွေက ပုဆစ်ဒူးတုပ် ထိုင်ရမည်၊ ပလ္လင်ခွေ မထိုင်ရဘူးလို့ သတ်မှတ်ထားတာတွေ့ဖူး လို့ပါ။
ဆရာ။ ။ ပါဠိ အဋ္ဌကထာ ဋီကာတွေမှာတော့ တရားထိုင်တဲ့အခါ ပလ္လင်ခွေထိုင်၊ ကိုယ်ကိုဖြောင့်မတ်ထား၊ မိန်းမယောက်ျား မခွဲခြားဘူး၊ ဒီထိုင်နည်းတခုတည်းကိုပဲ ညွှန်ကြားသတ်မှတ်ထားတယ်၊ ပုဆစ်တုပ်ထိုင် ဆိုတာကတော့ သူတို့ရိပ်သာ သူတို့ကြိုက်သလို သတ်မှတ် ခွဲခြားတာလို့ မှတ်ပေါ့။
ဒကာ။ ။ ဘာဖြစ်လို့ ဒီ တင်ပလ္လင်ခွေထိုင်နည်းကို ကျား မ မခွဲခြားဘဲ မြတ်စွာဘုရားက ညွှန်ကြားသတ်မှတ်ထားပေးတာလဲ တရာတော်။
ဆရာ။ ။ မြတ်စွာဘုရားကတော့ ထွက်လေ ၀င်လေ ဖြောင့်မတ်စွာ ၀င်ထွက်နိုင်ခြင်း၊ ကြာကြာထိုင်နိုင်ခြင်း၊ သမာဓိရလွယ်ခြင်း၊ စတဲ့ အကျိုးများကို ရစေခြင်းငှာ ဟောကြားသတ်မှတ်ထားတော်မူခြင်းပါပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်နှစ်သက်သလို မည်သည့် ဣရိယာပုတ်မျိုးမဆို အားထုတ်ပွားများနိုင်ကြောင်းကိုလည်း ဟောကြားတော်မူတယ်။
ဒကာ။ ။ အနို့ လက်ထပ်ပုံနည်း၊ လက်မထိပ် တိုက်ပုံနည်းတွေကကော ဘုရားဟောရှိပါသလား ဆရာတော်။
ဆရာ။ ။ ဒါလည်း ကိုယ်ကြိုက်သလို ထပ်ချင်ထပ် ဒူးပေါ်တင်ချင်တင် ဣနြေ္ဒရရင်ပြီးတာပါပဲ၊ ဒီလိုဒီနည်းသာ ထားရမည်လို့တော့ ပုံမှန်ကိန်းသေ မဟောပါဘူး။
ဒကာ။ ။ တချို့ရိပ်သာတွေက သူတို့ပြောသလို မထိုင် မထားရင် တရားမရနိုင်ဘူး ဆိုလို့ပါ၊ ခုလို ရှင်းလင်းစွာသိရတာ ၀မ်းသာလှပါတယ် ဆရာတော်။

No comments: