သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, August 18, 2010

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား? ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။
အကုသိုလ်ကံတွေကို အရဟတ္တမဂ်ဖြင့် ပယ်စွန့်ပြီးမှပဲဟာ၊ ဘုရားမှာ ဝဋ်လိုက်လို့ ဒုက္ခဆင်းရဲ အရှက်တကွဲတွေ ခံရသေးတယ်ဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ အင်း….ဝဋ်လိုက်တယ်ဆိုတာက ကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ အကုသိုလ်ဝဋ်ကလည်း လိုက်တာပဲ၊ ဘုရားမြတ်စွာတို့ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်စွန့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အကုန်လုံး ပယ်နိုင်တာ မဟုတ်ဘူး၊ ဘုရား ရဟန္တာတို့ ပယ်စွန့်နိုင်ပုံက……

ကုသိုလ်ပယ်နိုင်ပုံ

လူ နတ် ဗြဟ္မာ ရရှိရေး ဘဝတပါးအတွက် သုဂတိ ပဋိသန္ဓေဝိညာဉ်ကိုဖြစ်စေတတ်တဲ့ ကုသိုလ်ကံမျိုးကိုသာ အပြတ် ပယ်သတ်လိုက်တာ၊ ဒါ့ကြောင့် သူတို့မှာ (ခီဏာဇာတိ) ဘဝတပါး ပဋိသန္ဓေနေဖို့ရာ မရှိတော့ဘူး၊ (ဘ၀နိရောဓော) ဘ၀ ကုန်ပြီ။
ခု လက်ရှိဘဝရဲ့ ပဝတ္တိ ကာလမှာတော့ ကုသိုလ်ကံ အဟောင်းအကြွင်းတွေက ဘုန်းတန်ခိုးတွေ ချမ်းသာရေး အမျိုးမျိုးတွေ ကျန်းမာရေးတွေကို အခွင့်သာသလို ပေးနေမှာချည်းပဲ။
သူတို့ ပြုလုပ်တော်မူကြတဲ့ ကုသိုလ်ကံ လုပ်ငန်းစုတွေကတော့ ဝိပါက ခေါ်တဲ့ ဝိပါက်ကောင်းကျိုးမျိုးကို အထူးတလည် မပေးတော့ဘူး၊ ကြိယာခေါ်တဲ့ အဗျာကတ ထဲ ၀င်သွားကြတယ်၊ ပြုကာမျှသာပဲ။
ဒါကြောင့် မြတ်စွာဘုရားသခင်ရဲ့ ဘုန်းတော်တန်ခိုးတော်တွေ အနန္တဟာ အနန္တ ဖြည့်ကျင့်တော်မူခဲ့တဲ့ ပါရမီ ကုသိုလ်ကံဟောင်းတွေကသာ အကျိုးပေးနေတာဖြစ်တယ်၊ ရှင်သာရိပုတ္တရာတို့ ပညာကြီးတာတွေ ရှင်သီဝလိထေရ်တို့ လာဘ်ပေါများတာတွေဟာ ရှေးရှေး ကုသိုလ်ကံဟောင်းတွေက ခု လက်ရှိဘဝမှာ ပေးနေတာတွေပေါ့၊ အဲဒါတွေကို ကုသိုလ်ဝိပါက် လိုက်တာလို့ခေါ်တယ်၊ “ဝိပါက် အမြဲ” ဆိုတာ အဲဒါတွေပဲ၊ ဒါ့ကြောင့် ကုသိုလ်ဓမ္မကို များများလုပ်ထားကြလို့ သူတော်ကောင်းတွေက ဟောပြောကြတာပဲ။

အကုသိုလ်ကံ ပယ်နိုင်ပုံနည်း

အကုသိုလ်ကံ ဘက်ကလည်း ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးသို့ လားစေနိုင်တဲ့ အကုသိုလ်ကံဟောင်းတွေကိုသာ လုံးဝ အကြွင်းမဲ့ လက်စသတ် အပြတ်ပယ်ရှင်းလိုက်နိုင်တာဖြစ်တယ်၊ အပါယ်ဘဝ သွားတဲ့ တံခါးမကြီးကိုတော့ လုံးဝ ပိတ်လိုက်ပြီ။
ဒါပေမဲ့ ဘဝများစွာက မိမိတို့ ပြုလုပ်ပြီးသား ရှိနေတဲ့ အကုသိုလ် ကံဟောင်းတွေကတော့ အခုလက်ရှိဖြစ်နေဆဲ ပဝတ္တိဘဝရဲ့ မကောင်းဆိုးဝါး ဒုက္ခဆင်းရဲများစွာတို့ကို အခွင့်ရသည်နှင့် ပေးဖို့ရန် အသင့်စောင့်ကာ ကြည့်နေကြတာဖြစ်တယ်၊ ကုသိုလ်ကံဟောင်း အားနည်းသွားသည်နှင့် တပြိုင်နက် သူက၀င်ပြီး ဒုက္ခပေးလိုက်မှာပဲ၊ အဲဒါကတော့ စိတ်သာချ မုချပေးမှာပဲ။
အကုသိုလ်ကံဟာ အင်မတန် ကြောက်စရာကောင်းတာ၊ ဘုရားရော ပစ္စေကဗုဒ္ဓါရော ရဟန္တာရော နားမလည်ဘူး ကိုယ်မကောင်းတာ လုပ်ထားခဲ့ရင် မကောင်းတဲ့ ဆင်းရဲဒုက္ခကို မုချပေးမှာပဲ။
မြတ်စွာဘုရားသခင်ကိုလည်း မိစ္ဆာဒိဋ္ဌိတို့ရဲ့ တပည့်မဖြစ်သူ စိဉ္စမာဏ အမျိုးသမီးတဦးက ပရိသတ်အလယ်မှာ ၀င်ပြီးတော့ ရှင်ဂေါတမဟာ သူ့လင်ပါ၊ ဒါဟာ သူနဲ့ရတဲ့ ကိုယ်ဝန်ပါဟု အယောင်ဆောင်ထားတဲ့ သူ့ဗိုက်ကြီးကိုပြပြီး ကဲ့ရဲ့ စွပ်စွဲ အရှက်ခွဲတာဘဲ။
ဘုန်းတန်ခိုးအရာမှာ ပြောင်မြောက်ကာ ဧတဒဂ် ရတော်မူတဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးကိုလည်း ခိုးသားငါးရာတို့က အရိုးတွေ မှုန့်မှုန့်ညက်ညက်ကျေ အောင် ၀ိုင်းရိုက်ကာ နှိပ်စက်ညှင်းဆဲကြတာပဲ၊ ခံရတာပဲ။
အင်္ဂုလိမာလ မထေရ်မြတ်ကိုလည်း ဆွမ်းခံဝင်တဲ့အခါ အရပ်သားတွေက တို့ အဘိုးအဘွား၊ တို့ အဖေအမေ၊ တို့အမျိုးတို့ကို သတ်ဖြတ်တဲ့ လူဆိုးကြီးဟု ဆဲရေး တိုင်းထွာပြီး ခဲ အုတ်ခဲ ကျောက်ခဲတို့နဲ့ ပစ်ခတ်ကြလို့ ခေါင်းကွဲ ထိပ်ပေါက် သွေးထွက် နာကျင်မှု ဒုက္ခတွေ ခံရတာပဲ။
အဲဒါကြောင့် လိုရင်းအချုပ်ကတော့ ဘုရားရဟန္တာအရှင်မြတ်တွေဟာ ကုသိုလ်ကံ အကုသိုလ်ကံကို ပယ်တယ်ဆိုတာ နောက်ဖြစ်မည့် ဘ၀သစ် ပဋိသန္ဓေကို ပေးတတ်တဲ့ ကုသိုလ်ကံ နဲ့ အကုသိုလ်ကံကိုသာ ပယ်တာလို့ မှတ်ရမည်၊ ခုဘ၀အတွက်တော့ ပရိနိဗ္ဗာန်မစံ မချင်း ခံနေရမှာပဲ၊ ဝဋ်မကျွတ်သေးဘူးပဲ၊ ဒါ့ကြောင့် မကောင်းမှု အကုသိုလ်ကံများ မလုပ်ကြနဲ့လို့ ပြောရတာဖြစ်တယ်၊ ကဲ….ရှင်းရဲ့လား။
ဒကာ။ ။ ရှင်းပါပြီဆရာတော်၊ ဘုရားကိုသော်မှ အညှာမပေးတဲ့ အကုသိုလ်ကံမို့ ကြောက်လှပါတယ်ဘုရား၊ အော်…ဘ၀တပါးကို ဖြစ်စေတတ်တဲ့ ကုသိုလ်နဲ့ အကုသိုလ်ကိုသာ ပယ်တာကိုး၊ ခုမှပဲ ရှင်းတော့တယ် ဆရာတော်။

No comments: