သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 22, 2010

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဒကာ။ ။ ရုပ်ဝါဒီသမားတွေက ဘဝတပါးပြောင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ မရှိဘူး၊ ဒီရုပ်ကောင်ဒြပ်ကြီးဟာ မသေခင်ပဲ ရှိနေတာ၊ သေသွားရင် ပြီးပြတ်သွားတာပဲ၊ ဘဝတပါးမဖြစ်တော့ဘူး၊ ဒါ့ကြောင့် သူတို့ဟာ အတ္တဒိဋ္ဌိစွဲ မရှိတဲ့ အနတ္တဝါဒီတွေလို့ ပြောဟောနေကြတာ မှန်ပါသလား ဆရာတော်။

ဆရာ။ ။ အင်း၊ သူတို့ အယူဘာသာက (ကွန်မြူနစ်ဇင်း၊ ဆိုရှယ်လစ်ဇင်း ဆိုတဲ့) “မတီရီယယ်လစ်ဇင်း” ရုပ်ဝါဒကို ဦးစားပေးပြီး ယူကြတာဖြစ်တယ်။ ဘဝတပါးဆိုတာ မရှိဘူး၊ ဟိုဘက်ဘဝ မရှိလို့ ချမ်းသာဆင်းရဲ ကောင်းကျိုးဆိုးကျိုး ဆိုတာ ခုလက်ရှိဘဝမှာ လုပ်ယူခံစားနေကြတာပဲ ဖြစ်တယ်၊ ကုသိုလ် အကုသိုလ် လုပ်ချင်ရာလုပ် ခုလက်ရှိဘဝမှာသာ အဲဒီလုပ်ခကို ရရှိခံစားရမှာ၊ သေပြီးတဲ့ နောက်ဘဝဆိုတာ မရှိဘူးလို့ ဘဝပြတ် ဥစ္ဆေဒ အယူကို စွဲထားကြပေမဲ့ အတ္တ ကတော့ ရှိနေကြတာပဲ။ သူတို့တတွေဟာ ခုလက်ရှိဘဝ ပုခက်နဲ့ ခေါင်း ကြားထဲမှာ ငါ ငါ့ဥစ္စာ ငါ့သား ငါ့သမီး ငါ့ဟာ ဆိုတဲ့ အတ္တစွဲတွေ ဗရပွေ အနန္တနဲ့ စွဲယူခံစားနေကြတာကို သူတို့မသိလို့ အနတ္တဝါဒီလို့ ပြောဆိုနေကြတာသာဖြစ်တယ်၊ အမှန်ကတော့ ကောင်းကျိုး ဆိုးကျိုးကို ငါခံစားနေတာပဲဆိုတဲ့ အတ္တဝါဒ အတ္တဒိဋ္ဌိတွေပါပဲ၊ အတ္တကို လက်မလွှတ်ပါဘူး။
ကဲ…အဲဒါကိုသာ အမှားအမှန် ဝေဖန်ပေတော့၊ ဒကာကြီးက ဘဝတပါးမရှိဘူးဆိုတာ ကြိုက်နှစ်သက်နေလို့လား၊ ဥစ္ဆေဒဒိဋ္ဌိသမားကြီးလား၊ ဒါတွေက ရှင်ဥက္ကဋ္ဌ စိတ်ကူးတမျိုးပေါက်ပြီး ဟောကြားတဲ့ အမှားတရားတွေပါ။
ဒကာ။ ။ တပည့်တော်တို့က ရုပ်နာမ်တို့ဟာ အစဉ်မပြတ် ဖြစ်ပျက်ပြောင်းလဲနေမှု သဘောမျှသာဖြစ်တယ်၊ ထိုရုပ်နာမ်တို့ဟာ ပြုလုပ်မှု ကံကြောင့်သာ ဖြစ်တယ်လို့ ကံ ကံ၏အကျိုးကို ရိုးစွဲယုံကြည်ထားတဲ့ သမ္မာဒိဋ္ဌိ အနတ္တသမားကြီးတွေပါဘုရား။

No comments: