သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, August 4, 2010

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

ဒကာ။ ။ သောတာပန် ပုဂ္ဂိုလ်ဟာ ကိလေသာ ဆယ်ပါးထဲက ဘာတွေကို ပယ်လျက် သံယောဇဉ်ဆယ်ပါးထဲကလည်း ဘယ်ဟာတွေကို ပယ်ပါသလဲ ဆရာတော်။

ဆရာ။ ။ သောတာပန်၏မဂ်က ကိလေသာဆယ်ပါးထဲက အမှားတွေကိုသာအမြဲ စွဲယူနေတဲ့ ငါ ငါ့ဥစ္စာ ငါ့ဟာ ဆိုတဲ့ အတ္တဒိဋ္ဌိဆိုးနဲ့ ဗုဒ္ဓ ဓမ္မ သံဃာ့ အပေါ်၌ မယုံကြည်မှု ၀ိစိကိစ္ဆာဆိုတဲ့ ကိလေသာ နှစ်ပါးကို လက်စတုံး ပယ်ဖြတ်ပစ်လိုက်တယ်၊ ကျန်တဲ့ ကိလေသာ ရှစ်ပါးကို မပယ်သေးပေမဲ့ အပါယ်လားအောင်တော့ မသုံးစွဲ မခံစားတော့ဘူး။
သူ့မှာ ကျန်နေသေးတဲ့ မောဟကိလေသာ အမိုက်တိုက် အမဲတုံးကြီးကလည်း လုံးဝမမြင်ရအောင် ပိတ်ဖုံးမှောင်ချမပေးနိုင်တော့ဘူး၊ အလင်းရောင်ကလေးနဲ့ ယှဉ်စပ်နေတဲ့အတွက် အနိစ္စနဲ့ အနတ္တကိုတော့ အမြဲသိမှတ်တဲ့ ဉာဏ်အမြင် သတိသညာရှိနေတယ်။
ဒုက္ခနှင့် အသုဘကိုသာ မောဟကိလေသာက ယောင်ချာချာ လုပ်ထားလို့ ကာမဂုဏ်ဆင်းရဲကို ချမ်းသာထင်ကာ ပစ္စည်းဥစ္စာရှာဖွေရောင်းဝယ်ခြင်းနှင့် အသုဘကိုလည်း သုဘထင်သောကြောင့် မိမိကိုယ်ကို အလှပြင်ကာ အိမ်ထောင်သားမွေး ရှိနေကြသေးတာ ဖြစ်တယ်။
သံယောဇဉ်ဆယ်ပါးထဲကတော့ အရေးကြီးတဲ့ အယုတ်တမာသံယောဇဉ်ကြီးများဖြစ်တဲ့ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ၊ အဲဒီ သံယောဇဉ်ကြီး ငါးပါးကို ထပ်မပွားရအောင် ရပ်ထားလိုက်ကြတယ်။ ဘယ်သောအခါမှ ဖြစ်ခွင့် မပေးတော့ဘူး။
ကာမရာဂသံယောဇဉ်ကလေးက အချို့သောတာပန်မှာ အများဆုံး ခုနစ်ဘ၀လောက် ကျန်နေသေးလို့ ကာမသုဂတိနယ်မြေမှာ ပျော်ပါးမော်ကြွားပြီး လင်ယူသားမွေး စိုးရိမ်ငိုကြွေးကြသေးတာလို့ မှတ်ရမည်၊ ဒါ့ကြောင့် ၀ိသာခါ သောတာပန် ကျောင်းအမကြီးဟာ မြေးကလေးသေတော့ ငိုတာပေါ့။
အဲဒါကြောင့် သောတာပန်မှာ ကိလေသာဆယ်ပါးထဲက ရှစ်ပါးကျန်သေးတယ်၊ သံယောဇဉ်ဆယ်ပါးထဲကလည်း ငါးပါးကျန်သေးတယ်၊ ကဲ….ရှင်းပြီလား။
ဒကာ။ ။ အော်….သောတာပန်မ၊ လင်ယူတာ ဒါကြောင့်ကို၊ အင်း…အင်း..ရှင်းလင်း ကျေနပ်ပါတယ် ဆရာတော်။

No comments: