သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, August 10, 2010

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

ဒကာ။ ။ သဗ္ဗေဓမ္မာ အနတ္တာ- ဟူသော ဒေသနာတော်၌ သဗ္ဗေဓမ္မာပုဒ်အရ တချို့ဆရာများက မဂ် ဖိုလ် နိဗ္ဗာန်ကိုပါ အနတ္တ ယူရမည်လို့ ဟောပါတယ်၊ ဆရာတချို့ကတော့ လောကုတ္တရာတရားကိုးပါး မပါဘူး၊ လောကီရုပ်နာမ်ကိုသာ ယူရမည်ဟု ဟောပါတယ်၊ ဘယ်ဆရာတော် ဟောချက်က မှန်ပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း….ဆရာအမျိုးမျိုးတွေရဲ့ တရားတွေ ရှေ့နောက်မသိ ရှုတ်ထွေးတဲ့အခါကျတော့ ဒီမှာလာမေး၊ ဆရာနှစ်ပါးလုံးရဲ့ ဟောကြားချက်တွေဟာ အမှန်တွေ ထွက်တာချည်းပဲ၊ ကန့်ကွက်စရာ မရှိပါဘူး။
ဒကာ။ ။ ဒကာကြီးတို့ ကွဲပြား နားလည်အောင် ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ သည်နေရာမှာ (၁) ဓမ္မသဘောအရနဲ့ (၂) ပုဂ္ဂိုလ်သဘောအရ နှစ်မျိုးနှစ်စား ခွဲခြားရှင်းမှ ကွဲပြားနားလည်မှာဖြစ်တယ် နားထောင်ပါ။
၁။ ဓမ္မသဘောအရ ကောက်ယူလို့ရှိရင် သဗ္ဗေဓမ္မာပုဒ်ထဲကို လောကီတရားစုရော လောကုတ္တရာတရားစုပါ တရားရှိသမျှတွေ အကုန်လုံးပါဝင်လာတယ်။ အကယ်တိ မဂ် ဖိုလ် နိဗ္ဗာန်ဟာ အတ္တသဘောရှိရင် စိုးပိုင်မှုလည်း ရှိရမှာမို့ “ဟဲ့…နိဗ္ဗာန်လာခဲ့ သင့်ကို ငါခံစားမည်” ဟု ဆွဲယူခံစားနိုင်မှု ပြုကြမှာပေါ့၊ ခုတော့က အဲသည်လို စိုးပိုင်မှု မရတဲ့အတွက် မဂ် ဖိုလ် နိဗ္ဗာန်ကို အနတ္တလို့ ဆိုတယ်။
ဒါကြောင့် “ဓမ္မသဘော”အရ မဂ် ဖိုလ် နိဗ္ဗာန်ကိုပါ အနတ္တ ယူရမည်လို့ ဟောတဲ့ဆရာရဲ့ ဟောပြောချက်တွေဟာလည်း မှန်တာပဲ။
၂။ ပုဂ္ဂိုလ်သဘောအရ ယူလို့ရှိရင် ၀ိပဿနာတရားပွားများရှုမှတ်နေတဲ့ ယောဂီဟာ မြင်မှု ကြားမှု စတဲ့ လောကီရုပ်နာမ်ဓမ္မတို့ရဲ့ မခိုင်မြဲမှု အနိစ္စလက္ခဏာကိုသာ ရှုမှတ်သိနေတော့ကာ ပျက်ပျက်သွားတဲ့ ဆင်းရဲဒုက္ခ လက္ခဏာသဘောတွေဟာလည်း ပေါ်ပေါ်လာတယ်၊ ယောဂီဉာဏ်ထဲမှာ မြင်မှု ကြားမှု စတဲ့ ရုပ်နာမ်ဓမ္မတွေရဲ့ ဖြစ်ပြီး ပျက်ပျက်သွားတဲ့ ဆင်းရဲဒုက္ခကို ပိုင်းခြားပြီးတော့ သိလာတယ်။
အဲဒီ မြင်မှုကြားမှု စတဲ့ ဖြစ်ပျက် မခိုင်မြဲမှု ဆင်းရဲစု လောကီဓမ္မတွေကို အတ္တကောင်၊ ငါကောင်အနေနဲ့ ခိုင်မြဲချမ်းသာလာအောင် မပြုလုပ်နိုင်သောကြောင့်လည်း အင်း…ဒီလို ခဏမစဲဘဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်စုတွေဟာ ဘယ်မှာ ငါကောင်၊ သူကောင် ရှိလို့လဲ၊ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေတဲ့ အနတ္တဓမ္မသဘော သက်သက်တွေပဲလို့ ရုပ်နာမ်ဓမ္မ သက်သက်ကို ဥဒယ ၀ယ ဉာဏ်ဖက်လျက်သာ ရှုမှတ်ပွားများကာ နေတော့တာ။
အဲဒါကြောင့် ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဘက်က အရယူလို့ရှိရင် ယောဂီ အာရုံပြုရှုမှတ်နိုင်တဲ့ လောကီရုပ်နာမ်တရားစုကိုသာ ယူရမှာဖြစ်တယ်၊ မဂ် ဖိုလ် နိဗ္ဗာန် လောကုတ္တရာတရားများကို မယူရဘူးဆိုတဲ့ ဆရာအချို့ရဲ့ အနတ္တ ဟောပြောချက်တွေဟာလည်း မှန်တာပဲ၊ ကဲ….ရှင်းပြီးလား၊ ၀ိပဿနာ၏ အာရုံဓမ္မက လောကီရုပ်နာမ်ပဲ။
ဒကာ။ ။ မှန်ပါ့၊ ရှင်းပါပြီ ဆရာတော်၊ ခုမှပဲ ကွဲပြားခြားနားစွာ သိရတော့တယ်၊ ဓမ္မသဘောနဲ့ ပုဂ္ဂိုလ်သဘောအရ အယူအဆ ကွာဟသွားတာကိုး ဘုရာ့။

No comments: