သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, August 4, 2010

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဒကာ။ ။ ဗျာပါဒနဲ့ ဒေါသကို တချို့ဆရာတွေက ထူးခြားသော သဘောရှိတယ်တဲ့၊ တချို့ဆရာတွေကလည်း သဘောချင်း အတူတူပါပဲတဲ့၊ ဘယ်ဟာကို အမှန်ယူမှတ်ရမှာလဲ ဆရာတော်။

ဆရာ။ ။ နှစ်ပါးစလုံး မှန်တာချည်းပဲလို့သာ မှတ်ရမည်၊ ထူးခြားတယ် ဆိုတာလည်း မှန်တာပဲ၊ အတူတူပါပဲ ဆိုတာလည်း မှန်တာပဲ။
ဒကာ။ ။ မှန်ပုံမှန်နည်းကို ရှင်းပြပေးပါဦး ဆရာတော်၊ တိုတိုကျဉ်းကျဉ်းပေါ့ ဘုရား။
ဆရာ။ ။ ထူးခြားတယ် ဆိုပုံကတော့ သုတ္တန်ဒေသနာတော်မှာ ဗျာပါဒနဲ့ အဟောများတယ်၊ အဘိဓမ္မာဒေသနာတော်မှာ ဒေါသနဲ့ အဟောများတယ်၊ အဲဒါက ဟောကြားတာချင်း တမူထူးခြားမှုပဲ။
နောက်တချက် ထူးခြားတာကတော့ ဗျာပါဒဆိုတဲ့ စကားပုဒ်နဲ့ ဒေါသဆိုတဲ့စကားပုဒ် အသံချင်း မတူတာဟာ ထူးခြားတဲ့ သဘောပေါ့။
ဒကာ။ ။ အနို့ သဘောချင်း အတူတူပါပဲ ဆိုတာကကော ဆရာတော်။
ဆရာ။ ။ စိတ်ဆိုးခြင်း၊ စိတ်ညစ်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်မကောင်းခြင်း၊ စိတ်ပျက်ခြင်း၊ ညှင်းဆဲနှိပ်စက် ဖျက်ဆီး သတ်ဖြတ်လိုခြင်း၊ တို့ဟာ ဒေါသခေါ်တဲ့ ဗျာပါဒ လို့သာ မှတ်ရမည်၊ ဒါ့ကြောင့် ဒေါသနဲ့ ဗျာပါဒဟာ ဇနီးနဲ့မယားအမည်သာ ခြားတာ၊ သဘောသွားချင်းက အတူတူပဲ၊ ကဲ…ကွဲရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ရှင်းလင်းကွဲပြားပါပြီ ဆရာတော်။

No comments: