သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 29, 2010

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ဒကာ။ ။ အရဟတ္တမဂ်ဖိုလ်ရပြီးတဲ့ ရဟန္တာအရှင်မြတ်များဟာ လူတို့ ပြောဆိုနေကျ တိုင်းရေး ပြည်ရေး မင်းရေး စိုးရေး ရောင်းဝယ်ဖောက်ကား စီးပွားရေး စတဲ့ အပိုစကားတွေ ပြောကြားကြသေးသလား ဆရာတော်၊ ကျမ်းဂန်က ဘယ်လိုများ မိန့်ဆိုထားပါသလဲ။

ဆရာ။ ။ အင်း…လာပြန်ပြီလား၊ ဘာဖြစ်လို့ ဒီ ရဟန္တာပဥှာကို လာမေးရတာလဲ၊ အကြောင်းဆိုစမ်းပါဦး။
ဒကာ။ ။ ရဟန္တာ ရဟန္တာနဲ့ သတင်းစာတွေထဲမှာရော လူတကာရဲ့ ပါးစပ်ထဲမှာရော ကျော်ကြားနေတဲ့ ရဟန္တာအမည်ခံ ကိုယ်တော်တပါးက ( ဒကာကြီး တိုင်းရေးပြည်ရေး အထူးများ ဘာကြားသေးသလဲ၊ အခြေအနေကော ဘယ်လိုလဲနဲ့) မေးလို့ပါပဲ ဆရာတော်၊ ဒီ ရဟန္တာက တွေ့တိုင်းမေးတာပဲ ဘုရား။
ဆရာ။ ။ အင်း….ဒီစကားမျိုးတွေကို ကျမ်းဂန်က (တိရစ္ဆာနကထာ) မဂ်ဖိုလ်မှ ဖီလာကန့်လန့် စကားမျိုးလို့ ခေါ်တယ်၊ ပုံစံကတော့ ရဋ္ဌကထာ = တိုင်းရေးပြည်ရေးစကား။ ရာဇကထာ = မင်းရေးစိုးရေးစကား။ အမစ္စ ကထာ = အမတ်နဲ့ စပ်တဲ့ စကား။ လေတိုက်တယ် မိုးရွာတယ် နေပူတယ် စတဲ့ ပြောမဆုံးပေါင် တောသုံးထောင် စကားမျိုးတွေ ဖြစ်တယ်။
အဲဒါကို ယောဂီများ တရားအားထုတ်တဲ့အခါမှာ စောင့်ထိန်းတဲ့ အာဇီဝဋ္ဌမကသီလထဲမှာ ဝစီကံတပါးအနေနဲ့ “သမ္ဖပ္ပလာပဝါစာ” လို့ သိက္ခာပုဒ် တခု အဖြစ်နဲ့ ပါထားတယ်။
နောက် ဒုစရိုက် ဆယ်ပါးထဲမှာလည်း ဝစီဒုစရိုက် လေးပါးထဲမှာ ပါဝင်နေပြန်တယ်၊ အဲဒါတွေဟာ ကျမ်းဂန်ကလာတဲ့ စကားတွေပဲ၊ ကဲ….ဘာပြောချင်သေးသလဲ။
ဒကာ။ ။ ဒီလိုဆိုရင် အရိယာ ရဟန္တာတွေဟာ ဒီလို ရပ်ရွာသုံး ဈေးစကား အပိုစကားတွေ မပြောဆိုကြတော့ဘူးပေါ့ ဆရာတော်။
ဆရာ။ ။ ဟာ…အရိယာအကုန်လုံး မယူရဘူး၊ ရဟန္တာများသာ မပြောတော့တာ၊ ကျန်တဲ့ အရိယာတွေက ပြောသေးတာပဲ။
ဒကာ။ ။ ဘာ့ကြောင့်ပါလဲ ဆရာတော်၊ အရိယာဖြစ်နေမှပဲဟာ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ အင်း…သေချာစွာ နားထောင်နော် ဒကာကြီးတို့၊ ဒါမှ ရဟန္တာ ဟုတ် မဟုတ် အကဲခတ်တတ်မှာ၊ ခုခေတ်မှာ ရဟန္တာတွေက ဟိုမှာပေါ် ဒီမှာပေါ်နဲ့၊ မဂ်လေးပါးက ဒုစရိုက်တရား ဆယ်ပါးကို ပယ်တဲ့အခါမှာ….
၁။ သောတာပတ္တိမဂ်က ကာယဒုစရိုက် သုံးပါး၊ မုသာဝါဒဆိုတဲ့ ဝစီဒုစရိုက် တပါး၊ မိစ္ဆာဒိဋ္ဌိဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ငါးပါးကိုသာ ပယ်နိုင်သေးတာ။
၂။ သကဒါဂါမိမဂ်က ပိသုဏဝါစာ နဲ့ ဖရုသဝါစာ ဆိုတဲ့ ဝစီဒုစရိုက် နှစ်ပါး၊ ဗျာပါဒဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ဒုစရိုက်သုံးပါးကို အားနည်းရုံသာ ပယ်နိုင်သေးတာဖြစ်တယ်။
၃။ အနာဂါမိမဂ်က ပိသုဏဝါစာ၊ ဖရုသဝါစာနဲ့ ဗျာပါဒ၊ အဲဒီ ဒုစရိုက် သုံးပါးကို လုံးဝ ပယ်လိုက်နိုင်တယ်။
၎။ အရဟတ္တမဂ်ကတော့ သမ္ဖပ္ပလာပဆိုတဲ့ ဝစီဒုစရိုက် တပါးနဲ့ အဘိဇ္ဈာဆိုတဲ့ မနောဒုစရိုက် တပါး၊ အဲဒီ ဒုစရိုက်နှစ်ပါးကို အကြွင်းမဲ့ ပယ်သတ်ပစ်လိုက်လို့ ရဟန္တာများဟာ (တရားနဲ့စပ်တဲ့ စကားမှတပါး အခြားသော) တိရစ္ဆာနကထာ ခေါ်တဲ့ အပိုစကားတွေကို မပြောကြားတော့ဘူးလို့ မှတ်ပေတော့၊ အဲဒါဟာ ရဟန္တာ အကဲခတ်နည်းပဲ။
ဒကာ။ ။ ကောင်းလိုက်တဲ့ ရှင်းတမ်းပါလား ဘုရား၊ ကျေးဇူးကြီးလှပါတယ် ဆရာတော်၊ ရှင်းသွားပါပြီဘုရား။

No comments: