သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, August 13, 2010

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

ဒကာ။ ။ ချမ်းသာတာက သုခ၊ ခံစားတာက ဝေဒနာ၊ နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ၊ ဘာသုခကို ခံစားပြီးတော့ ဘယ်လို ဘယ့်နှယ်လုပ်ပြီး ချမ်းသာနေတာလဲ ဆရာတော်၊ နိဗ္ဗာန်မှာ ရုပ်နာမ်ရှိလို့လား။

ဆရာ။ ။ ဟုတ်တယ်၊ ဒီပြဿနာက ရုပ်နာမ်ကို လက်ဆုပ်လက်ကိုင် စွဲထားတဲ့ အတ္တသမားများရဲ့ အလုပ်မဟုတ်ဘူး၊ ဒကာကြီးတို့ အမေးက ရုပ်နာမ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတော့ ဘယ်နယ်လုပ်ဖြေရမှာလဲ၊ ဒကာကြီးတို့က သက္ကာယ အယူသမားတွေပဲ။
ဒကာ။ ။ ဒကာကြီးတို့ မြန်မြန်ထက်ထက်နဲ့ ဉာဏ်မျက်စိမြင်အောင် ဖြေကြားပေးပါ ဘုရား၊ တချို့ဆရာများက နိဗ္ဗာန်မှာ ခံစားမှု သုခဝေဒနာ ရုပ်ထူးနာမ်ထူး ရှိတယ်လို့ ဟောကြားတာ ကြားနာရဘူးလို့ပါ ဆရာတော်။
ဆရာ။ ။ ဟုတ်ပါတယ်၊ ဘုရားလက်ထက်ကလည်း ရှင်လာလုဒါယီ က ရှင်သာရိပုတ္တရာကို ဒီလိုပဲ မေးခွန်းထုတ်တာ ရှိတယ်၊ ကဲ…..ဉာဏ်နားနဲ့ထောင်၊ ဉာဏ်မျက်စိနဲ့ မြင်အောင်လည်း ကြည့်ပေါ့။
“ဝေဒနာပစ္စယာ တဏှာ” တဲ့၊ ခံစားမှု သုခဝေဒနာ ဖြစ်ပေါ်မှုကြောင့် အဲဒီ မြင်သုခ ကြားသုခ စားသုခတွေကို သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင်တဲ့ တဏှာလောဘ ဖြစ်ပေါ်လာတာ။
“ဝေဒနာ နိရောဓာ တဏှာ နိရောဓော” တဲ့၊ ခံစားမှု ဝေဒနာမရှိဘဲ ချုပ်ငြိမ်းသွားလို့ အဲဒီ သုခကလေးကို သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင် ခံစားချင်တဲ့ တဏှာ လောဘ သမုဒယသစ္စာလည်း ချုပ်ငြိမ်းသွားတာ ဖြစ်တယ်။
“တဏှာနိရောဓော နိဗ္ဗာနံ” ကိုယ်တွေ့အာရုံငါးပါးအပေါ်မှာ သာယာ ခင်မင် လိုချင် တပ်မက် ဆာလောင် ခံစားချင်တဲ့ တဏှာချုပ်ငြိမ်းနေခြင်းဟာ နိဗ္ဗာန်ပဲ။
ပုံပမာ။ ။ ဆေးလိပ်ကို အလွန်အမင်းကြိုက်နှစ်သက်စွာနဲ့ သောက်ရှူခံစားနေတဲ့သူဟာ ဆေးလိပ်ပြတ်သွားတာနဲ့ တပြိုင်နက် ခံစားမှု ဝေဒနာ မရှိလို့ ဆေးခိုးဆေးငွေ့ ရသာရုံကို မခံစားဘဲ နေရတာက နေနိုင်တာက ပိုမိုသာလွန်၍ ငြိမ်းအေးချမ်းသာတယ်၊ အဲဒါဟာ ဆေးလိပ်အတွက် ခံစားလိုမှု လောဘတဏှာ ငြိမ်းအေးတဲ့ ဆေးလိပ်နိဗ္ဗာန်ပဲ။
ခံစားရတာထက် မခံစားဘဲနေနိုင်တာက ပိုမိုချမ်းသာတယ်၊ ငြိမ်းအေးတယ်၊ ရှာမှီးရခြင်း၊ သိမ်းဆည်းရခြင်း၊ ပူပန်ရခြင်းတွေ ဘာတခုမှ မရှိတော့ဘူးလေ၊ ကဲ…သဘောပေါက်ရဲ့လား၊ မခံစားရဘဲနဲ့ ချမ်းသာနေတဲ့ အ ဝေဒယိတ သုခဟာ နိဗ္ဗာန်အစစ်ပဲ။
ဒကာ။ ။ ဒကာကြီးဉာဏ်မျက်စိထဲ အလင်းရောင်တွေ ရဲရဲတောက် ဝင်လာလို့ အမှန်ကိုမြင်ပါပြီ ဆရာတော်၊ ခံစားမှု ဝေဒနာရှိလို့ လိုချင်မှု သမုဒယသစ္စာ တဏှာပေါ်လာတာ၊ ဒီသမုဒယကြောင့် ဒုက္ခသစ္စာ ဆင်းရဲတာ အမှန်ပဲ ဘုရား။
ဆရာ။ ။ အဲ….ဟုတ်ပြီ၊ ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာကို မခိုင်မြဲမှု အနိစ္စလက္ခဏာနဲ့ မြင်အောင်ရှုမှတ်ရမှာဖြစ်တယ်၊ ဝေဒနာကို အနိစ္စ ရှုမှတ်နေရင် တဏှာမလာနိုင်ဘူးဘဲ၊ သမုဒယသစ္စာ ချုပ်တာပဲ၊ နိဗ္ဗာန်နဲ့ နီးတာပဲ၊ ကဲ….ပြန်နိုင်ပါပြီ။
ဒကာ။ ။ မှန်ပါ့၊ ဦးတင်ပါတယ် ဆရာတော်၊ အင်း…..ခံစားချင်လို့ ဆင်းရဲတာ၊ ခုမှပဲ ရှင်းလင်းတော့တယ် ဘုရား။

No comments: