သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, September 16, 2010

သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ၂ ပါး ဘယ်ဟာက အပြစ်ကြီးမားသလဲ

သဿတနဲ့ ဥစ္ဆေဒဒိဋ္ဌိ ၂ ပါး  ဘယ်ဟာက အပြစ်ကြီးမားသလဲ

ဒကာ။           ။ သဿတဒိဋ္ဌိအယူနဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒသမား နှစ်ဦးမှာ ဘယ်အယူဝါဒသမားက ပိုမိုဆိုးဝါးအပြစ်ကြီးမားပါသလဲ ဆရာတော်။
ဆရာ။           ။ ဒကာကြီးတို့က ဘယ်လိုထင်လို့လဲ၊ ဒကာကြီးတို့ အယူအဆ ပြောပြပါဦးလေ သိရအောင်။

ဒကာ။           ။ ယင်းနှစ်ပါးစလုံးဟာ မိစ္ဆာဒိဋ္ဌိမျိုးသာဖြစ်လို့ အပြစ်ချင်းလည်း အတူတူပဲလို့ ယူဆပါတယ် ဆရာတော်၊ တချို့က မတူဘူးပြောလို့ ကျမ်းဂန်များက ခွဲခြားပြတာ ရှိသေးသလား မိန့်ကြားပါဦး ဘုရား။
ဆရာ။           ။ ရှင်သာရိပုတ္တရာရဲ့တူ ဒီဃနခ ပရိဗိုဇ်နဲ့ မြတ်စွာဘုရားမေးဖြေခန်း ဒီဃနခ သုတ္တန်မှာ အဋ္ဌကထာဆရာ မိန့်ကြားတော်မူတာကတော့….
၁။       တံ သဿတ ဒဿနံ အပ္ပသာဝဇ္ဇံ ဒန္ဓ၀ိရာဂန္တိ ၀ုစ္စတိ။
                    ထို သဿတဒိဋ္ဌိ အမြင် အယူ အစွဲကို အပြစ်ကတော့ ဒါလောက်တောင် မကြီးမားလှပေမင့် ဖြုတ်နိုင်စွန့်နိုင်ဖို့ကျတော့ ခက်ခဲနှေးကွေး ကြာမြင့် တယ်လို့ဆိုတယ်။
၂။       မဟာသာဝဇ္ဇံ ခိပ္ပ၀ိရာဂန္တိ ၀ုစ္စတိ။
                   ဥစ္ဆေဒဒိဋ္ဌိ အယူအစွဲကိုတော့ ကြီးမားသော အပြစ်ရှိတယ်၊ ဒါပေမဲ့ စွန့်လွှတ်ဖို့ ကျတော့ လျင်မြန်လွယ်ကူတယ်လို့ ဆိုတယ်။
ဒကာ။           ။ အပြစ်သေးပုံ၊ စွန့်လွှတ်နိုင်ခက်ပုံနဲ့ အပြစ်ကြီးပုံ စွန့်လွှတ်ရ လွယ်ကူပုံတို့ကိုလည်း ဒကာကြီးတို့ နားလည်အောင် တိုတိုနဲ့ပဲ ရှင်းပြပါဦး ဆရာတော်။
ဆရာ။           ။ အင်း….သဿတဒိဋ္ဌိသမားရဲ့ ယုံကြည်ချက်က ခုဘ၀လည်းရှိတယ်၊ နောက်ဘ၀တွေဆိုတာလည်းရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ ကောင်းကျိုးသုခ၊ မကောင်းကျိုးဒုက္ခ ဆိုတာလည်းရှိတယ်၊ ကုသိုလ်ကိုများများပြုတယ်၊ အကုသိုလ်ကို နည်းပါးအောင် ရှောင်ရှားတယ်၊ လူ နတ် ဗြဟ္မာခေါ်တဲ့ ဘ၀ရဲ့ ချမ်းသာကိုတော့ အမြဲ သာယာ တပ်မက် နှစ်သက်စွဲလမ်းနေတာပဲ၊ မြတ်စွာဘုရားနဲ့ တပည့်သံဃာတော်များက ဘ၀ဒုက္ခကို ဟောကြားပေတယ်လို့  သူ့ရဲ့ဘ၀ကောင်းစား ခံစံရေးကိုတော့ လျင်မြန်စွာ မပယ်စွန့်နိုင်ဘူးတဲ့၊ ဆိုလိုရင်းကတော့ ကုသိုလ်ကံကို များများပြုတယ်၊ အကုသိုလ်ကံကိုလည်း နည်းအောင်လုပ်တယ်၊ အဲဒါ့ကြောင့် အဲဒီ သဿတဒိဋ္ဌိသမားရဲ့ အပြစ်ဟာ သေးငယ်တယ်လို့ ဆိုတယ်၊ ကဲ…..သဘောကျရဲ့လား။
ဒကာ။           ။ သဿတဒိဋ္ဌိကိုတော့ သဘောပေါက်ပါပြီ ဆရာတော်၊ ဥစ္ဆေဒဒိဋ္ဌိသမားရဲ့ အပြစ်ကြီးပုံနဲ့ ၊ လွယ်လွယ် ကျွတ်လွယ်ပုံလည်း ရှင်းပြပါဦးဘုရား။
ဆရာ။           ။ ဥစ္ဆေဒသမားရဲ့အစွဲက ခုလက်ရှိဘ၀ တခုသာရှိသည်၊ ဘ၀တပါး ဆိုတာ မရှိ၊ အခြားဘ၀မှ ခု ဘ၀ဖြစ်လာတာကိုလည်း မယုံ မသိ၊ ဘ၀တပါးသို့ သွားရောက် ဖြစ်ရပုံလည်း မသိ မယုံ။
ကောင်းမှုကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာ၊ မကောင်းမှုအကုသိုလ်ကံရဲ့ ဆင်းရဲဒုက္ခ ရရှိနိုင်သည် ဆိုတာကိုလည်း မသိ နားမလည်ဘူး။ ကုသိုလ်ကောင်းမှုကို မပြုမလုပ်၊ အကုသိုလ် မကောင်းမှုကိုတော့ ရဲရင့်စွာပြုလုပ်သည်။
ဘ၀တပါးမရှိဟု စွဲယူထား၍ ဘ၀တပါး၌ နှစ်သက် သာယာ ခင်မင် ဖြစ်ချင်မှုလည်း သူ့မှာ မရှိ မတောင့်တ မစွဲလမ်းချေ။ သူလုပ်သမျှ ကံတွေက အကုသိုလ်ကံတွေသာ များသောကြောင့် ဥစ္ဆေဒဒိဋ္ဌိ က ကြီးလေးသော အပြစ်ရှိတယ်လို့ ဆိုတယ်။
သို့သော် မြတ်စွာဘုရားနဲ့ သံဃာတော်များက ဘ၀တပါးရှိပုံနဲ့ ဆင်းရဲဒုက္ခတို့ကို ဟောပြလိုက်သောအခါ သူ့အယူကို လျင်မြန်စွာ စွန့်ပစ်နိုင်သည်။ ဗုဒ္ဓ၏ အယူဝါဒကို သက်ဝင်ယုံကြည်စွာ လက်ခံကျင့်ကြံ ပွားများ၍ နိဗ္ဗာန်ချမ်းသာကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်သည်ဟု ဆိုထားသည်၊ အဲဒါ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့ရဲ့ ထူးခြားချက်ပဲ၊ ကဲ…ရှင်းရဲ့လား။
ဒကာ။           ။ ဥစ္ဆေဒ က ခု လက်ရှိတခုသာ စွဲထားတာကိုး၊ သဿတ က နှစ်ဖက်စွဲ ဆိုတော့ကာ ရှင်းလင်းပြတ်သား၍ နှစ်သက်စွာ ခံယူပါတယ် ဆရာတော်။

No comments: