မြတ်ဗုဒ္ဓ ဘယ်နှစ်ဝါအရမှာ မိန်းမများကို ရဟန်းပြုခွင့် ပေးသနားပါသလဲ
ဒကာ။ ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဘယ်နှစ်ဝါအရမှာ မယ်တော် မဟာပဇာပတိ ဂေါတမီ စတဲ့ အမျိုးသမီးမာတုဂါမများကို ရဟန်းပြုရန် ခွင့်ပြုမိန့်ကြားတော်မူပါသလဲ ဆရာတော်၊ တိုတိုပဲ ဖြေပါဘုရား၊ ပါဠိတွေတော့ မရွတ်ပါနဲ့တော့။
ဆရာ။ ။ မြတ်စွာဘုရားသခင်သည် ကပိလ၀တ်နေပြည်တော်ကြီးသို့ ပထမအကြိမ် ကြွရောက်တော်မူကာ သကျကုလသာကီဝင်မင်းသားတို့၏မာနကို ဆုံးမ ပယ်ရှားတော်မူပြီးလျှင် ညီတော်နန္ဒမင်းသား စသည်တို့ကိုလည်း ရဟန်းပြုပေး တော်မူပြီးနောက် ၅ ၀ါမြောက်မှာ မယ်တော် မဟာပဇာပတိဂေါတမီ အမှူးရှိတဲ့ မာတုဂါမ အမျိုးသမီးများကို ရဟန်းပြုခွင့် ပေးသနားတော်မူလိုက်တယ် ဒကာကြီးတို့ရဲ့၊ ကဲ…တိုတိုပဲ။
ယနေ့အမျိုးသမီးများ ဘာ့ကြောင့်ရဟန်းမပြုရတာလဲ
ဒကာ။ ။ ခုခေတ်ကာလ ယနေ့ အမျိုးသမီးများ ဘာကြောင့် ရဟန်းမပြုလုပ်ဘဲ မယ်သီလလုပ်နေကြတာလဲ ဆရာတော်။
ဆရာ။ ။ ယနေ့ အမျိုးသမီးများ ရဟန်းမပြုရတာကတော့ အကြောင်းတခုချို့တဲ့နေသောကြောင့်ပဲ ဖြစ်တယ်၊ အမျိုးသမီးများ ရဟန်းပြုတဲ့ အလုပ်က….
၁။ ရဟန်းယောက်ျားများနဲ့ ရှေးဦးစွာ သိမ်ထဲမှာ ရဟန်းခံ ကမ္မ၀ါစာ တကြိမ်ဖတ်ရတယ်။
၂။ နောက် ရဟန်းမများနဲ့ သိမ်ထဲမှာ ရဟန်းခံ ကမ္မ၀ါစာ တကြိမ် ထပ်ဖတ်ရတယ်။
အဲဒီလို ကမ္မ၀ါ နှစ်ကြိမ် နှစ်ခါ ဖတ်မှ ရဟန်းအဖြစ်ကို ရသောကြောင့် အမျိုးသမီး ဘိက္ခုနီမများကို ဥဘတောဘိက္ခုလို့ခေါ်တယ်။ ယနေ့ ရဟန်းပြုချင်တဲ့ အမျိုးသမီးများမှာ ဒုတိယအကြိမ် ကမ္မ၀ါစာ ဖတ်ပေးဖို့(ဘိက္ခုနီမ) ရဟန်းမများ မရှိတဲ့ အတွက် ရဟန်းမ မျိုးဆက် ပြတ်သွားသောကြောင့် ရဟန်း မပြုကြရဘဲ သီလရှင်ဝတ်ရတာလို့ မှတ်ရမည်။ ဥဘတောဘိက္ခုဆိုတာ အဲဒါပဲ၊ ရဟန်းယောက်ျားများနဲ့ တကြိမ်၊ ရဟန်းမများနဲ့တကြိမ်၊ နှစ်ကြိမ် နှစ်ခါ ကမ္မ၀ါစာဖတ်ရလို့ ဥဘတောဘိက္ခုလို့ ခေါ်တယ်။ ကဲ…အဲဒါပဲ။
ဒကာ။ ။ အော်…ဒါ့ကြောင့် ရဟန်းမများကို “ဥဘတောဘိက္ခု” ခေါ်တာကိုး၊ သူတို့ရဲ့ မျိုးဆက်ကို သူတို့က အရှည်ခန့်အောင် မစောင့်ရှောက်ဘဲ ဖျက်ဆီးပစ်လိုက်ကြတော့ မျိုးဆက်မရှိလို့ ဘိက္ခုနီမ သာသနာ ပြတ်သွားတာပဲ ဘုရား၊ သနားစရာ ကောင်းလိုက်တာ ဆရာတော်၊ နှမြောစရာပဲနော်…..။
No comments:
Post a Comment