သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, September 13, 2010

ဗုဒ္ဓဂေါတမဟာ အငြင်းအခုံ သန်သလားတဲ့


ဗုဒ္ဓဂေါတမဟာ အငြင်းအခုံ သန်သလားတဲ့

ဒကာ။           ။ တချို့သော ၀ါဒရှင်တွေက ဗုဒ္ဓဂေါတမဟာ အလွန်အငြင်းသန်တယ်၊ သူ မပေါ်ခင် လာရှိထားကြတဲ့ အယူဝါဒအစွဲတွေကို နိုင်အောင်ငြင်းပြီးတော့ ဖျက်စီးကာ အနိုင်လျှောက်ယူနေတာပဲ။ သစ္စကပရိဗိုဇ်စတဲ့ တကယ့်ပညာရှိဗြဟ္မဏကြီးတွေနဲ့လည်း ပြိုင်ငြင်းတာပဲ စသည်ဖြင့် ပြောသံကြားရလို့ပါ ဆရာတော်၊ မြတ်စွာဘုရားဟာ အငြင်းသန်သလား။
ဆရာ။           ။ ဟင့်အင်း….မြတ်စွာဘုရားဟာ ဘယ်သူနှင့်မှ မငြင်းခုံဘူး၊ အငြင်းအခုံကို ၀ါသနာနှင့်တကွ ပယ်စွန့်ပြီးသားပဲဟာ၊ ဂေါတမဘုရားမှာ ခန္တီ၊ မေတ္တာ အမြဲတမ်းရှိနေတယ်၊ ဘုရားရှင်ကိုသာ လူလောက နတ်လောကသားတွေက လာ လာပြီးငြင်းခုံကြတာ ဖြစ်တယ်၊ ဒကာကြီးတို့ရ။
ဒကာ။           ။ သစ္စက ပရိဗိုဇ် စတဲ့ ဒိဋ္ဌိကြီးတွေနဲ့ ၀ါဒပြိုင်ပွဲကြီးတွေ လုပ်တာဟာ သူတို့နဲ့ ငြင်းခုံတာ မဟုတ်ဘူးလား ဆရာတော်။
ဆရာ။           ။ ငြင်းခုံတာက သူတို့က၊ သူတို့ကသာ ဘုရားကို ပြန်ပြန်ငြင်းနေကြတာ၊ မြတ်စွာဘုရားက ငြင်းတာ မဟုတ်ပါဘူး၊ အမှန်တရားကိုသာ ပြောပြ ဖြေကြားပေးနေတာပါ၊ ဒီပြဿနာနဲ့စပ်ပြီး ခန္ဓ၀ဂ္ဂသံယုတ် ပုပ္ဖသုတ် ပါဠိတော်မှာ ဗုဒ္ဓကိုယ်တိုင် မိန့်ကြားတော်မူတာရှိတယ်။
(၁) နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ။
(၂) လောကေဝ မယာ ဝိဝဒတိ။
(၃) န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကသ္မိံ ဝိဝဒတိ။

(၁) ရဟန်းတို့ ငါဘုရားဟာ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါခေါ်တဲ့ လောကသားအပေါင်းနှင့် ဘယ်သောအခါမှ မငြင်းခုံပါဘူး။
(၂) လောကသားဖြစ်တဲ့ လူတွေ နတ်တွေ ဗြဟ္မာတွေ ကသာ ငါဘုရားနှင့် လာ လာ ပြိုင်ဆိုင်ငြင်းခုံနေတာပါ။
(၃) ရဟန်းတို့ အမှန်တရားကိုသာ ထုတ်ဆိုဟောကြား ပြောပြသွားလေ့ရှိသော ပုဂ္ဂိုလ်ဟာ ဘယ်သူနဲ့မှ ပြိုင်ဆိုင် ငြင်းခုံမှု မပြုပါတဲ့။
          ဆိုလိုရင်းကတော့ အမှန်တရားကိုသာ ပြောကြား ပြောကြားနေသောကြောင့် အဲဒီ အမှန်တရား ပြောကြားနေတဲ့သူဟာ ဘယ်သူနဲ့မှ ငြင်းခုံသည် မမည်ပါဘူးလို့ ဆိုတာပဲ၊ ကဲ…သဘောကျရဲ့လား။
ဒကာ။           ။ မှန်တဲ့ဘက်ကတော့ အမြဲနိုင်နေတာပဲဟာ ငြင်းစရာ မလိုတော့ပါဘူး၊ သဘောကျ ကျေနပ်ပါတယ် ဆရာတော်။

No comments: